ယူကရိန်းစစ်ပွဲအတွင်း ရုရှားစစ်သား ၇ သိန်း ၂ သောင်းကျော် သေဆုံးခဲ့ကြောင်း ပေါက်ကြားအချက်အလက်များက ဖော်ပြ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်။

၂၀၂၂ ခုနှစ် ယူကရိန်းကို စတင်ကျူးကျော်ချိန်မှစ၍ ရုရှားစစ်သား ၇ သိန်း ၂ သောင်းကျော် သေဆုံးခဲ့ပြီဖြစ်ကြောင်း ပေါက်ကြားလာသည့် ရုရှားအစိုးရ အချက်အလက်များတွင် ဖော်ပြထားသည်။ ယင်းပမာဏသည် ပျမ်းမျှအားဖြင့် ၄ မိနစ်တိုင်းတွင် ရုရှားစစ်သား တစ်ဦးနှုန်း သေဆုံးနေခြင်း ဖြစ်သည်။

ယူကရိန်းလိုလားသည့် ဟက်ကာအဖွဲ့များက ရုရှားစာရင်းအင်းဌာန (Rosstat) ၏ အချက်အလက်များကို ဖောက်ထွင်းရယူခဲ့ခြင်းဖြစ်ပြီး ရုရှားအတိုက်အခံ သတင်းဌာနများဖြစ်သည့် မီဒီယာဇိုနာ (Mediazona) နှင့် မီဒူဇာ (Meduza) တို့က ဆန်းစစ်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

စက်တင်ဘာလကုန်အထိ သေဆုံးကြောင်း အတည်ပြုထားသူ ၄ သိန်း ၉ သောင်း ရှိပြီး စာရင်းမသွင်းရသေးသူများနှင့် ပျောက်ဆုံးစာရင်းဝင် စစ်သားများကိုပါ ပေါင်းလိုက်ပါက စုစုပေါင်း ၇ သိန်း ၂ သောင်းကျော် ရှိလာခြင်း ဖြစ်သည်။

စစ်ပွဲသည် ရုရှားနိုင်ငံတွင် စတုတ္ထမြောက် အသေအပျောက် အများဆုံး အကြောင်းရင်း ဖြစ်လာပြီး ဆင်းရဲသည့် ဒေသခံများနှင့် တိုင်းရင်းသား လူနည်းစုများ အထိအနာဆုံး ဖြစ်နေသည်။

ထို့အပြင် နိုင်ငံခြားသား ကြေးစားစစ်သား ၇ ထောင်နီးပါးလည်း သေဆုံးခဲ့ကာ အများစုမှာ အာရှနိုင်ငံသားများ ဖြစ်သည်။

ယူကရိန်းဘက်တွင်မူ စစ်သား ၁ သိန်းခွဲဝန်းကျင် သေဆုံးခဲ့ကြောင်း နိုင်ငံတကာ သုတေသနအဖွဲ့များက ခန့်မှန်းထားပြီး နှစ်ဖက်ပေါင်း သေဆုံးသူ စုစုပေါင်း ၁ သန်းကျော် ရှိလာပြီဖြစ်ကြောင်း လေ့လာသူများက ဆိုသည်။