အမေရိကန် ခိုလှုံခွင့်တောင်းခံသူများအား တတိယနိုင်ငံသို့ လွှဲပြောင်းမည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၇ ရက်။
အမေရိကန်နိုင်ငံတွင် ခိုလှုံခွင့် (Asylum) တောင်းခံထားသည့် နိုင်ငံခြားသားများကို ကာရေဘီယံကျွန်းနိုင်ငံတစ်ခုဖြစ်သော ဒိုမေနီကာ (Dominica) သို့ လွှဲပြောင်းပို့ဆောင်ရန် နှစ်နိုင်ငံ သဘောတူညီချက် ရရှိခဲ့ပါသည်။
ဒိုမေနီကာနိုင်ငံသည် အမေရိကန်၏ ပြည်ဝင်ခွင့်ဗီဇာ ကန့်သတ်ချက်များ ပြန်လည်ဖြေလျှော့ရရှိရေး အတွက် အပေးအယူတစ်ခုအနေဖြင့် ဤအစီအစဉ်ကို လက်ခံခဲ့ခြင်း ဖြစ်သည်။
ဒိုမေနီကာဝန်ကြီးချုပ်က နိုင်ငံတော်လုံခြုံရေးကို ထိခိုက်စေမည့်သူများနှင့် အကြမ်းဖက်သမားများကို လက်ခံမည်မဟုတ်ဟု ပြောကြားထားသော်လည်း၊ အတိုက်အခံခေါင်းဆောင် Thomson Fontaine ကမူ လူဦးရေ ၇၂,၀၀၀ ခန့်သာရှိသော ကျွန်းနိုင်ငံငယ်လေးအနေဖြင့် ဒုက္ခသည်များအတွက် အရင်းအမြစ်နှင့် နေရာထိုင်ခင်း လုံလောက်မှုမရှိမည်ကို စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုထားပါသည်။
အမေရိကန်အစိုးရသည် အလားတူသဘောတူညီချက်များကို ဘီလိဇ် (Belize)၊ ပါရာဂွေး (Paraguay)၊ အန်တီဂွာနှင့် ဘာဘူဒါ (Antigua and Barbuda) နိုင်ငံတို့နှင့်လည်း ချုပ်ဆိုထားပါသည်။
ဤမူဝါဒသည် သမ္မတ ဒေါ်နယ်ထရန့်အစိုးရ၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဖိအားပေးမှုနှင့် ဒုက္ခသည်ပြဿနာကို တတိယနိုင်ငံများသို့ တာဝန်ခွဲဝေလွှဲပြောင်းပေးသည့် မူဝါဒတစ်ရပ် ဖြစ်ပါသည်။