အန္တရာယ်ရှိ ယာဉ်မောင်းနှင်မှု ဗီဒီယိုများ ဖြုတ်ချရန် လူမှုကွန်ရက်များကို ဗြိတိန် တိုက်တွန်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်။ 

ယာဉ်မဆင်မခြင် မောင်းနှင်မှုကို ဂုဏ်ဖော် အားပေးလှုံ့ဆော်သည့် ရုပ်သံဖိုင်များကို အမြန်ဆုံး စိစစ်ဖယ်ရှားပေးရန် TikTok အပါအဝင် လူမှုကွန်ရက် ကုမ္ပဏီများကို ဗြိတိန်အစိုးရက တိုက်တွန်းလိုက်သည်။

ဗြိတိန်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် ယာဉ်လမ်းကြောင်း ပြောင်းပြန် မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးက ရဲကင်းလှည့်ယာဉ်ကို ဝင်ရောက်တိုက်မိခဲ့ရာ တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင် ၂ ဦးနှင့် မော်တော်ယာဉ်ပေါ်ပါ လူငယ် ၅ ဦး၊ စုစုပေါင်း ၇ ဦး ပွဲချင်းပြီး အသက်ဆုံးရှုံးခဲ့သည့် မတော်တဆမှု ဖြစ်ပွားခဲ့ပြီးနောက် ယခုကဲ့သို့ တောင်းဆိုလိုက်ခြင်းဖြစ်သည်။

အဆိုပါ ဖြစ်စဉ်မတိုင်မီ သေဆုံးသွားသူ လူငယ်များအနက် တစ်ဦးသည် ယာဉ်ကို အန္တရာယ်ရှိစွာ မောင်းနှင်ပြထားသည့် စိန်ခေါ်မှု ဗီဒီယိုများကို လူမှုကွန်ရက်ပေါ်သို့ တင်ခဲ့ဖူးကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

ဗြိတိန် ကာကွယ်ရေးဝန်ကြီး လုခ် ပိုးလတ် (Luke Pollard) က လူမှုကွန်ရက် ပလပ်ဖောင်းများအနေဖြင့် လမ်းမပေါ်တွင် ယာဉ်မဆင်မခြင် မောင်းနှင်မှုကို အားပေးလှုံ့ဆော်နေသည့် ရုပ်သံဖိုင်များကို အမြန်ဆုံး ဖြုတ်ချပေးရန်နှင့် မိမိတို့ ပလပ်ဖောင်းများကို မိမိတို့ဘာသာ စိစစ်ထိန်းကျောင်းနိုင်ကြောင်း တာဝန်ယူမှု သက်သေပြကြရန် တောင်းဆိုထားသည်။