ရုရှားနှင့် မြောက်ကိုရီးယားကို ဆက်သွယ်သည့် ပထမဆုံး တံတား စတင်ဖွင့်လှစ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၉ ရက်။

ရုရှားနိုင်ငံနှင့် မြောက်ကိုရီးယားနိုင်ငံတို့အကြား ပထမဆုံးအကြိမ်အဖြစ် နှစ်နိုင်ငံကို တိုက်ရိုက်ဆက်သွယ်ထားသည့် ကုန်းလမ်းတံတားကို စတင်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။

အဆိုပါ ကုန်းလမ်းတံတား ပွင့်လှစ်လိုက်ခြင်းကြောင့် နှစ်နိုင်ငံ ကုန်စည်နှင့် ခရီးသည် ပို့ဆောင်ရေး ကဏ္ဍများ ပိုမိုလွယ်ကူ လျင်မြန်လာမည်ဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။

မြောက်ကိုရီးယား အစိုးရ သတင်းများ၏ ဖော်ပြချက်အရ အဆိုပါ တံတားကို ဝန်ထမ်း အကူးအပြောင်း၊ ခရီးသွားလုပ်ငန်းနှင့် ကုန်သွယ်ရေးတို့အတွက် အသုံးပြုမည်ဟု ဆိုသည်။

သို့သော်လည်း ယူကရိန်း ထောက်လှမ်းရေး အဖွဲ့များ၏ သုံးသပ်ချက်အရ အဆိုပါ တံတားသည် ယူကရိန်းစစ်ပွဲတွင် ရုရှားအား ကူညီရန်အတွက် လျှို့ဝှက် စစ်ရေးထောက်ပံ့ရေး လမ်းကြောင်းအဖြစ် အဓိက အသုံးပြုဖွယ်ရှိကြောင်း သတိပေးထားသည်။

ရုရှား သတင်းဌာန TASS ၏ ဖော်ပြချက်အရ အဆိုပါ တံတားပေါ်မှတစ်ဆင့် တစ်ရက်လျှင် မော်တော်ယာဉ် အစီးရေ ၃၀၀ နှင့် လူဦးရေ ၂,၃၀၀ ကျော် ဖြတ်သန်းသွားလာနိုင်မည် ဖြစ်သည်။

စတင်ဖွင့်လှစ်ချိန်တွင် ကုန်စည်ပို့ဆောင်ရေးအတွက် အဓိကထား အသုံးပြုမည်ဖြစ်ပြီး ယခုနှစ်နှောင်းပိုင်းတွင် ခရီးသည်ပို့ဆောင်ရေးအတွက်ပါ တိုးချဲ့ဖွင့်လှစ်ရန် လျာထားကြောင်း သိရသည်။

မြောက်ကိုရီးယားဘက်မှ ရုရှားသို့ လက်နက်များ၊ စစ်ရေး အကူအညီများနှင့် အလုပ်သမားများ ပိုမိုစေလွှတ်နိုင်သကဲ့သို့ ရုရှားဘက်မှ နည်းပညာနှင့် ရင်းမြစ်များ ပြန်လည်စီးဝင်ရေးအတွက်လည်း အားကောင်းသည့် လမ်းကြောင်းတစ်ခု ဖြစ်လာမည်ဟု လေ့လာစောင့်ကြည့်သူများက သုံးသပ်ထားကြသည်။