မော်စကို ရေနံချက်စက်ရုံ တိုက်ခိုက်ခံရပြီး “မိုးမည်း” ရွာသွန်း
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက်။
ယူကရိန်း၏ စစ်ပွဲစတင်ချိန်မှစ၍ အကြီးမားဆုံး ဒရုန်းတိုက်ခိုက်မှုကြောင့် ရုရှားမြို့တော် မော်စကိုရှိ ရေနံချက်စက်ရုံတစ်ခု မီးလောင်ကျွမ်းခဲ့ပြီးနောက်၊ အနီးအနားရှိ ဒေသခံများမှာ “မိုးမည်း (Black Rain)” ရွာသွန်းသည့် ပြဿနာနှင့် ရင်ဆိုင်နေရကြောင်း ဘီဘီစီ သတင်းဌာနက ဖော်ပြသည်။
မော်စကိုမြို့ အရှေ့တောင်ဘက်ရှိ ကာပွန်ညာ (Kapotnya) ရေနံချက်စက်ရုံကြီး ဒရုန်းထိမှန် မီးလောင်ကျွမ်းရာမှ ကောင်းကင်တစ်ခုလုံး မီးခိုးမည်းများ ဖုံးလွှမ်းသွားခဲ့ပြီးနောက် ဒေသခံများမှာ အပြင်ထွက်သည့်အခါ အဝတ်အစားများပေါ်တွင် ဆီကွက်ကဲ့သို့ အမည်းစက်များ စွန်းထင်သည့် မိုးဖွဲဖွဲရွာသွန်းမှုကို ကြုံတွေ့ခဲ့ကြရသလို ကားပါကင်များရှိ ကတ္တရာလမ်းပေါ်တွင်လည်း ဆီကွက်များ ဖုံးလွှမ်းသွားခဲ့ကြောင်း သိရသည်။
မော်စကိုအာဏာပိုင်များက “ရေနံမိုး” ရွာသွန်းခြင်းမရှိကြောင်း ငြင်းဆိုထားသော်လည်း၊ တယ်လီဂရမ် (Telegram) လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ဒေသခံများအား ပြတင်းပေါက်များ ပိတ်ထားကြရန်နှင့် ကလေးငယ်ရှိသည့် မိသားစုများ၊ သက်ကြီးရွယ်အိုများနှင့် ပန်းနာရင်ကျပ်ရောဂါရှိသူများ အဆိုပါဒေသမှ အရေးပေါ် ရွှေ့ပြောင်းကြရန် သတိပေးချက် ထုတ်ပြန်ထားသည်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ လွန်ခဲ့သည့် ၂၄ နာရီအတွင်း ရုရှားနိုင်ငံတစ်ဝှမ်းတွင် ယူကရိန်း၏ ဒရုန်းစောင်း စုစုပေါင်း (၁,၀၀၀) နီးပါးနှင့် ခရုစ်ဒုံးကျည် ၄ စင်းတို့ကို ကြားဖြတ်ဖျက်ဆီးခဲ့ရကြောင်း သိရသည်။ အဆိုပါတိုက်ခိုက်မှုကြောင့် မော်စကို လေဆိပ် ၄ ခုလုံးကို ယာယီပိတ်ထားခဲ့ရပြီး ခရီးစဉ်ပေါင်း ၅၀၀ ကျော် ဖျက်သိမ်းခြင်း သို့မဟုတ် နှောင့်နှေးခြင်းများ ရှိခဲ့သည်။
ယခုလအတွင်း ၃ ကြိမ်မြောက် တိုက်ခိုက်ခံရသည့် အဆိုပါ ကာပွန်ညာ ရေနံချက်စက်ရုံတွင် အကြီးစား ဆီသိုလှောင်ကန်ကြီးတစ်ခု ပေါက်ကွဲကာ အမိုးပေပေါင်းများစွာ လွင့်စင်သွားသည့် ဗီဒီယိုများ လူမှုကွန်ရက်တွင် ထွက်ပေါ်ခဲ့ပြီး၊ အနီးနားရှိ ဘီလာယာ ဒါချာ (Belaya Dacha) ကုန်တိုက်ကြီးလည်း ဒရုန်းအပျက်အစီးများ ကျရောက်မှုကြောင့် မီးလောင်ကျွမ်းခဲ့သည်။ တိုက်ခိုက်မှုကြောင့် မော်စကိုဒေသတွင်းတွင် ကလေးငယ် ၂ ဦးအပါအဝင် လူ ၁၇ ဦး ဒဏ်ရာရရှိခဲ့ပြီး၊ တောင်ပိုင်း ရော့စတော့ဗ် (Rostov) ဒေသတွင်မူ လူ ၁ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။