ဥရောပလွှတ်တော်က တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများ နှင်ထုတ်ရေးဥပဒေ အတည်ပြု

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက်။ 

ဥရောပသမဂ္ဂ (EU) အတွင်း တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများကို နှင်ထုတ်မှုများ ပိုမိုလုပ်ဆောင်နိုင်ရန်နှင့် ဥရောပပြင်ပ အခြားနိုင်ငံများတွင် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများ ထိန်းသိမ်းရေးစခန်း များ တည်ဆောက်ခွင့်ပြုမည့် ဥပဒေကြမ်းသစ်တစ်ခုကို ဥရောပလွှတ်တော်က ဗုဒ္ဓဟူးနေ့တွင် အတည်ပြုလိုက်သည်။

ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလိန်း (Ursula von der Leyen) က အဖွဲ့ဝင်နိုင်ငံများထံ ပေးပို့သည့်စာတွင် ယခုဥပဒေသည် ခိုလှုံခွင့် ငြင်းပယ်ခံရသူများကို နေရပ်ပြန်ပို့ရာ၌ ပိုမိုမြန်ဆန်ပြီး ထိရောက်သည့် ကိရိယာတစ်ခု ဖြစ်လာလိမ့်မည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

သို့သော်လည်း အဆိုပါဥပဒေအပေါ် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာ တာ့ခ် (Volker Turk) အပါအဝင် လူ့အခွင့်အရေးအဖွဲ့များက ပြင်းပြင်းထန်ထန် ဝေဖန်ကန့်ကွက်နေသည်။ 

ဥပေဒသစ်သည် ကာကွယ်စောင့်ရှောက်မှု အကာအကွယ်များကို အားနည်းစေကာ လူသားချင်းစာနာမှုကို လျစ်လျူရှုရာရောက်ကြောင်း ထောက်ပြကြသည်။

အထူးသဖြင့် ယခုမူဝါဒသစ်အောက်တွင် ဥရောပကော်မရှင်သည် ခိုလှုံခွင့်မရသည့် အာဖဂန်နိုင်ငံသားများကို ပြန်လည်နှင်ထုတ်နိုင်ရေး ဆွေးနွေးရန်အတွက် တာလီဘန် (Taliban) အရာရှိများအား ဘရပ်ဆဲလ်မြို့သို့ လာမည့် ဇွန်လ ၂၂ ရက်မှ ၂၃ ရက်နေ့အတွင်း လာရောက်ရန် ဖိတ်ကြားထားခြင်းကြောင့် ဝေဖန်မှုများ မြင့်တက်နေသည်။ 

အနောက်နိုင်ငံများသည် ၂၂၀၁ ခုနှစ်ကတည်းက တာလီဘန်အစိုးရကို တရားဝင်အစိုးရအဖြစ် အသိအမှတ်မပြုဘဲ သပိတ်မှောက်ထားခြင်း ဖြစ်သည်။ 

ဥရောပသမဂ္ဂဘက်ကမူ ယခုဆွေးနွေးပွဲသည် နည်းပညာပိုင်းဆိုင်ရာ ဆွေးနွေးမှုသက်သက်သာဖြစ်ပြီး တာလီဘန်ကို အသိအမှတ်ပြုခြင်းမဟုတ်သလို၊ လုံခြုံရေးအရ အန္တရာယ်ရှိသည့် အာဖဂန်နိုင်ငံသားများကိုသာ ပြန်လည်ပို့ဆောင်မည်ဖြစ်ကြောင်း ရှင်းလင်းထားသည်။