ဗြိတိန်တိရစ္ဆာန်ရုံတွင် ကလေးငယ်တစ်ဦး မိကျောင်းကန်ထဲပြုတ်ကျမှုဖြင့် လူတစ်ဦးကို ဖမ်းဆီး 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက်။ 

ဗြိတိန်နိုင်ငံ ကိန်းဘရစ်ချ်မြို့အနီးရှိ တိရစ္ဆာန်ရုံတစ်ခုတွင် သေချာစွာကာရံထားသည့် ၄ ပေခန့်မြင့်သော သံဇကာအတားအဆီးများကို ကျော်လွန်ကာ အသက် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦး မိကျောင်းများရှိရာနေရာသို့ ပြုတ်ကျသွားခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပြီး၊ အနီးအနားတွင်ရှိနေသည့် အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က လူသတ်ရန်အားထုတ်မှု သံသယဖြင့် ဖမ်းဆီးစစ်ဆေးနေသည်။

အဆိုပါဖြစ်စဉ်သည် ကိန်းဘရစ်ချ်မြို့အနီးရှိ “Johnsons of Old Hurst” တိရစ္ဆာန်ရုံတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။  

အသက် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦးမှာ ၎င်း၏အရပ်ထက် မြင့်မားသည့် လုံခြုံရေးအတားအဆီးများကို ကျော်လွန်ကာ ၁၅ ပေခန့်အောက်ရှိ မိကျောင်းကန်ထဲသို့ ရုတ်တရက် ပြုတ်ကျသွားခဲ့ခြင်း ဖြစ်သည်။ 

ကလေးငယ်အနေဖြင့် ယင်းအတားအဆီးကို ၎င်းအလိုလို မတော်တဆ ကျော်ဖြတ်ပြုတ်ကျရန် မဖြစ်နိုင်သလောက် ခဲယဉ်းခြင်းကြောင့် ရဲတပ်ဖွဲ့က ယခုဖြစ်ရပ်ကို ရာဇဝတ်မှုအဖြစ် ချက်ချင်းသတ်မှတ်ကာ၊ ကလေးငယ်နှင့် ကြိုတင်သိကျွမ်းခြင်းမရှိဘဲ အနီးတွင်ရှိနေသည့် အမျိုးသားအား ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ယင်းဖြစ်စဉ်ကြောင့် ကလေးငယ်တွင် ပြင်းထန်သည့် ဒဏ်ရာများ ရရှိခဲ့သဖြင့် လူနာတင်ဟတ်စကုပ်တား (Air Ambulance) ဖြင့် ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ခဲ့ရသည်။ 

လက်ရှိတွင် စိုးရိမ်ရသော်လည်း အခြေအနေ တည်ငြိမ်မှုရှိသည်ဟု ဆိုသည်။ 

ကလေးငယ်၏ ဒဏ်ရာများသည် အမြင့်မှပြုတ်ကျသည့်ဒဏ်ကြောင့်လား သို့မဟုတ် မိကျောင်းများ၏ တိုက်ခိုက်မှုကို ခံခဲ့ရသလား ဆိုသည်ကိုမူ ရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ လောလောဆယ်တွင် တိရစ္ဆာန်ရုံဘက်က မိကျောင်းများရှိရာ အဆောက်အအုံကို ယာယီပိတ်ထားပြီး၊ ရဲတပ်ဖွဲ့ကလည်း ဖြစ်ပွားချိန်တွင် ရှိနေခဲ့ကြသည့် မျက်မြင်သက်သေများကို လိုက်လံမေးမြန်း စုံစမ်းစစ်ဆေးလျက်ရှိနေသည်။