ဒရုန်းဖြင့် တိုက်ခိုက်ခံရသည့် စစ်တပ်က လောင်းလုံးရှိ နေအိမ်များကို လက်တုံ့ပြန်မီးရှို့
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၃၁ ရက်။
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်အတွင်း စစ်တပ် စစ်ကြောင်းကြောင့် ရွာသား တစ်ထောင်ကျော် ထွက်ပြေးနေရပြီး နေအိမ်များ မီးရှို့ဖျက်ဆီးမှုများ ဆက်တိုက်လုပ်နေသည်ဟု ဒေသခံများက ပြောသည်။
လောင်းလုံးမြို့နယ်အတွင်း စစ်တပ်က နယ်မြေကျော် စစ်ကြောင်းထိုးလာမှုကြောင့် ကျေးရွာပေါင်း ၈ ရွာခန့်မှ ဒေသခံပြည်သူတစ်ထောင်ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည့်အပြင် စစ်တပ်က ၎င်းတို့ ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခံရမှုကို လက်တုန့်ပြန်သည့် အနေဖြင့် ပြည်သူပိုင် နေအိမ်များကို မီးရှို့ခဲ့သည်။
မေလ ၂၀ ရက်နေ့ကတည်းက လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်ဖွဲ့သည် မေလ ၂၈ ရက်နေ့တွင် ကဒက်ကြီးကျေးရွာရှိ ခြေတော်ရာဘုန်းကြီးကျောင်းသို့ ဝင်ရောက်တပ်စွဲခဲ့ရာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့သဖြင့် နှစ်ဖက် ပစ်ခတ်မှုများ ပြင်းထန်ခဲ့သည်။
ထိုသို့ တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က အနီးနားရှိ ပြည်သူပိုင် နေအိမ် ၆ ဆောင်ကို မီးရှို့ဖျက်ဆီးပစ်လိုက်ခြင်း ဖြစ်သည်။
အသက် ၅၀ ခန့်အရွယ် ကဒက်ကြီးကျေးရွာသားတစ်ဦးက “အိမ်တွေ မီးလောင်နေတာကို ဝင်ပြီးငြိမ်းသတ် မရဲဘူး၊ စစ်တပ်လည်း ရှိနေတာမို့ ဒီအတိုင်းပဲ လက်ပိုက်ကြည့်နေကြရတယ်” ဟု ပြောသည်။
စစ်တပ်၏ လုံခြုံရေးခြိမ်းခြောက်မှုကြောင့် မိမိတို့အိုးအိမ်များ ရှေ့မှောက်တွင် မီးလောင်ပျက်စီးနေသည်ကို တားဆီးနိုင်ခြင်း မရှိဟုလည်း ဆိုသည်။
ယခု မီးရှို့မှုကြောင့် နှစ်ထပ်တိုက်အိမ်၊ သစ်သားအိမ်နှင့် ဓနိမိုးဓနိကာ နေအိမ် စုစုပေါင်း ၆ ဆောင်လုံး ပြာကျ သွားခဲ့ရပြီး စစ်တပ်သည် နေအိမ်များကို ဖျက်ဆီးပြီးမှ ကနဦးတပ်စွဲရာ ရန်ကင်းတောင်ပေါ်သို့ ပြန်လည် ဆုတ်ခွာ သွားခဲ့သည်။
လက်ရှိတွင် လောင်းလုံးမြို့နယ်အတွင်းရှိ စစ်ပြဲ၊ ညင်းမော်၊ ဂေါ့အင်း၊ အောက်ရေဖြူ၊ ကဒက်ကြီး၊ ကြက်ယက် တွင်း၊ သပြေရှောင်နှင့် သကျက်တော စသည့် ကျေးရွာများမှ ရွာသားတစ်ထောင်ကျော်ခန့်မှာ နေရပ်စွန့်ခွာကာ စစ်ဘေးဒုက္ခသည်များအဖြစ် အရေးပေါ် ထွက်ပြေးတိမ်းရှောင်နေကြရသည်။