မော်ချီးတွင် အရပ်သား ပစ်မှတ်များ တိုက်ခိုက်ခံနေရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၁၇ ရက်။
စစ်ကော်မရှင်က ‘ရန်နိုင်မင်း’ စစ်ဆင်ရေးဖြင့် ကရင်နီပြည် မော်ချီးသို့ ဦးတည်စစ်ကြောင်းထိုးနေပြီး အရပ်သားနေရာများကို ပစ်မှတ်ထား တိုက်ခိုက်မှုများပြားလာနေသည်။
ကရင်နီပြည်အတွင်း စစ်ကော်မရှင်တပ်သည် ‘ရန်နိုင်မင်း’ ဟု အမည်ပေးထားသည့် စစ်ဆင်ရေးဖြင့် မော်ချီး ဒေသသို့ ဦးတည်ကာ စစ်ကြောင်းထိုးလျက်ရှိပြီး၊ ထိုဖြစ်စဉ်တွင် တိုက်ပွဲနှင့်မသက်ဆိုင်သည့် အရပ်သား နေထိုင် ရာ နေရာများကို ပစ်မှတ်ထားတိုက်ခိုက်မှုများ ဆက်တိုက်ကျူးလွန်နေသည်။
မော်ချီးသည် ကရင်နီ ပြည်အတွင်း ခဲမဖြူနှင့် အဖြိုက်နက် သယံဇာတ ထွက်ရာ ဒေသ ဖြစ်ပြီး လက်ရှိတွင် တော်လှန်ရေး တပ်ဖွဲ့များ ထိန်းချုပ်မှု အောက်တွင် ရှိသည်။
စစ်ကော်မရှင်တပ်သည် စစ်ကြောင်းမထိုးမီ နယ်မြေရှင်းလင်းရေးအဖြစ် ဖားဆောင်းနှင့် ဖရူဆိုဒေသတွင်းရှိ လူထုနေထိုင်ရာ ကျေးရွာများ၊ နေရာများကို လေကြောင်းနှင့် လက်နက်ကြီးများအသုံးပြုကာ ကြိုတင်တိုက်ခိုက် လေ့ရှိကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး-၂ ဦးဗညားက ပြောသည်။
ဦးဗညားက “စစ်ရေးအရကတော့ လောလောဆယ် ဖရူဆို-ထားလဲ နားမှာပဲ တိုက်ပွဲတွေတော့ ဖြစ်နေတယ်လို့ ပြောလို့ရတယ်ပေါ့။ ဒါပေမဲ့ ဖားဆောင်းဘက်မှာတော့ တိုက်ပွဲတွေကတော့ ငြိမ်နေသေးတယ်ပေါ့နော်။ ငြိမ်နေ သော်ငြားလည်း သူတို့ကတော့ ရှင်းလင်းရေးအတွက် စစ်ကြောင်းတွေ မထိုးခင်မှာ တချို့နယ်မြေတွေကို ကြို တင်ပြီးတော့မှ ဗုံးကြဲတာ အကျင့်ရှိတယ်ပေါ့နော်။ လက်နက်ကြီးနဲ့ မှီရင်တော့ လက်နက်ကြီးနဲ့ လှမ်းပစ် တယ်” ဟု လက်ရှိမြေပြင်အခြေအနေကို ရှင်းပြသည်။
လက်ရှိတွင် ဒီးမော့ဆို – ဖရူဆို – ဘောလခဲ လမ်းမကြီးတစ်လျှောက်၌ စစ်ကော်မရှင်တပ်နှင့် ကရင်နီ တော်လှန် ရေးတပ်များအကြား ထိတွေ့တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်ပွားနေသည်။
စစ်ကော်မရှင်သည် အတုအယောင် ရွေးကောက်ပွဲကာလ အပြီးတွင် ရပ်နားထားသော စစ်ဆင်ရေးများကို ပြန်လည်အရှိန်မြှင့်လာခြင်းဖြစ်သည်ဟု ဆိုသည်။
ဦးဗညားက “စစ်ရေးက အရင်ရွေးကောက်ပွဲကာလမှာတော့ နည်းနည်းနားထားတာပေါ့နော်။ ရွေးကောက်ပွဲ ပြီးတာနဲ့ သူတို့ချက်ချင်း စစ်ကြောင်းပြန်ထိုးတယ်။ အခုသွားနေတဲ့ စစ်ဆင်ရေးပုံစံကြည့်ရမယ်ဆို ရန်နိုင်မင်း စစ်ဆင်ရေးပါ။ ၆ လ ၁ နှစ်တောင် ပြည့်တော့မယ်လေနော်။ အရင်တုန်းက ဖယ်ခုံကနေ မိုးဗြဲ၊ မိုးဗြဲကနေ လွိုင်ကော်၊ လွိုင်ကော်ကနေ ဒီးမော့ဆို၊ ဒီးမော့ဆိုကနေ ဖရူဆို၊ ဖရူဆိုကနေ ဘောလခဲကို ဆင်းမယ့်လမ်းပေါ့၊ ပြီးတော့မှ ဘောလခဲကနေ ဖားဆောင်း၊ ဖားဆောင်းကနေ မော်ချီးကို တက်မယ်ဆိုပြီးတော့မှ ကနဦးကျနော်တို့ သိထားတဲ့ စစ်ရေးအရ ရန်နိုင်မင်းစစ်ကြောင်းရဲ့ သဘောသဘာဝ ဖြစ်တယ်” ဟု ပြောသည်။
မတ်လအတွင်း စစ်ကော်မရှင်၏ ရမ်းသန်းပစ်ခတ်မှုများကြောင့် ပြည်သူများမှာ စိုးရိမ်ထိတ်လန့်နေရပြီး ထပ်ဆင့် စစ်ဘေးရှောင်နေရသည့် အခြေအနေဖြစ်နေသည်။
ဦးဗညားက ဆက်လက်၍ “ဖရူဆို၊ မော်ချီး၊ ဖားဆောင်းဘက်မှာကတော့ စစ်တပ်က ဗုံးကြဲနေတာ ဆက်တိုက် ပေါ့နော်။ ထိခိုက်မှုကလည်း တချို့ရှိတယ်။ ဖားဆောင်းတို့ ဖရူဆိုတို့ကို ပစ်တဲ့ဟာက စစ်ရေးအရ တိုက်ရိုက် သက်ဆိုင်မှု ရှိတာပေါ့။ ဒါပေမဲ့ တိုက်ပွဲဖြစ်တဲ့နေရာ မဟုတ်ဘူးပေါ့နော်။ လူထုတွေရှိတဲ့နေရာကို ဗုံးကြဲနေ တယ် ပစ်ခတ်နေတယ်ဆိုတာ တွေ့ရပါတယ်” ဟု ပြောသည်။
စစ်ရေးထိခိုက်မှုများအနေဖြင့် မတ်လ ၅ ရက်နေ့က ဖရူဆို-ထားလဲ လမ်းမကြီးပေါ်တွင် စစ်ကော်မရှင်၏ ဘက်ဟိုးယာဉ်ပါ စစ်ယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်တပ်ဘက်မှ ၃ ဦးသေဆုံးကာ ဘက်ဟိုးယာဉ် လည်း ပျက်စီးခဲ့ကြောင်း KNDF က ထုတ်ပြန်ထားသည်။
သို့သော် စစ်ကော်မရှင်ဘက်က လက်တုံ့ပြန်သည့်အနေဖြင့် အရပ်သားများကို တိုက်ခိုက်ခဲ့ရာ မတ်လ ၁၅ ရက်တွင် ဖရူဆို၌ Y-12 လေယာဉ်ဖြင့် ဗုံးကြဲသဖြင့် စစ်ရှောင်အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့သည့်အပြင် မတ်လ ၈ ရက်နေ့ကလည်း လက်နက်ကြီးကြောင့် စပါးကျီနှင့် စားနပ်ရိက္ခာများ ပျက်စီးခဲ့ရသည်။
ထို့အပြင် မတ်လ ၁၄ ရက်နေ့တွင် ဖားဆောင်းနှင့် မော်ချီးအကြား ၉ မိုင်ဒေသကို လေကြောင်းမှ ဗုံးကြဲသဖြင့် ဒေသခံတစ်ဦး ဒဏ်ရာရခဲ့ပြီး၊ မတ်လ ၁၀ ရက်ကလည်း မော်ချီးဒေသ၌ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြေပြင်သတင်းများက ပြောသည်။
#မော်ချီး #စစ်ကော်မရှင် #အရပ်သား # ရန်နိုင်မင်းစစ်ဆင်ရေး #လေကြောင်းတိုက်ခိုက်မှု