ကိုးကန့် MNDAA နှင့်  တအာင်း TNLA တို့ တိုက်ပွဲများ ရပ်ပြီး လောက်ကိုင်တွင် ဆွေးနွေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ခုနှစ်၊ မတ်လ ၁၇ ရက်။ 

ညီနောင်မဟာမိတ်ချင်း သွေးထွက်သံယိုဖြစ်ပြီးနောက် ကိုးကန့်တပ် (MNDAA) နှင့် တအာင်းတပ် (TNLA) တို့ တိုက်ပွဲများ ရပ်တန့်ပြီး လောက်ကိုင်တွင် တွေ့ဆုံဆွေးနွေးနေသည်။

ရှမ်းပြည် မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ နယ်မြေစိုးမိုးမှု အငြင်းပွားရာမှ စတင်ခဲ့သည့် ကိုးကန့်တပ် (MNDAA) နှင့် တအာင်းတပ် (TNLA) တို့အကြား တိုက်ပွဲများ မတ်လ ၁၆ ရက်နေ့၊ ညနေပိုင်းတွင် ရပ်တန့်သွားခဲ့ပြီး ယနေ့တွင် နှစ်ဖက်ခေါင်းဆောင်များ လောက်ကိုင်မြို့၌ တွေ့ဆုံကာ အရေးပေါ် ညှိနှိုင်းနေကြပြီ ဖြစ်သည်။

ကွတ်ခိုင်မြို့အပါအဝင် မဟာဗျူဟာကျသည့် တပ်စခန်းများကို MNDAA က အင်အားသုံး တိုက်ခိုက်သိမ်းပိုက် ခဲ့ပြီးနောက် ရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့သည့် အဆိုပါ ထိပ်တိုက်ရင်ဆိုင်မှုများကြောင့် မဟာမိတ်အချင်းချင်းကြား တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် ယခုကဲ့သို့ စားပွဲဝိုင်းဆွေးနွေးမှု ပေါ်ပေါက်လာခြင်းဖြစ်သည်။

TNLA နှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ခု၏ အဆိုအရ မနေ့ညနေကစပြီး ပစ်ခတ်မှုတွေ ရပ်သွားပြီပေါ့ ကွာ။ ဒီနေ့ပေါ့နော် မတ်လ ၁၇ ရက်နေ့ ဒီနေ့တော့ နှစ်ဖက်ကိုယ်စားလှယ်တွေ လောက်ကိုင်မှာ တွေ့နေကြ တယ်။ အဓိကကတော့ ကွတ်ခိုင်၊ နမ့်ဖတ်ကာနဲ့ ၁၀၅ မိုင်ကိစ္စတွေ၊ ဖမ်းဆီးခံထားရတဲ့ တပ်ဖွဲ့ဝင်တွေအရေးကို အဓိကထား ညှိနှိုင်းနေတာပါ ဟု ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက MNDAA ၏ ထိုးစစ်ကြောင့် TNLA ဘက်က ကွတ်ခိုင်မြို့၊ နမ့်ဖတ်ကာနှင့် မူဆယ် ၁၀၅ မိုင်ရှိ စခန်းများကို လက်လွှတ်ခဲ့ရသည့်အပြင် တပ်ဖွဲ့ဝင် ၁၀၀ နီးပါးခန့်လည်း ဖမ်းဆီးခံခဲ့ရသည်။ 

အဆိုပါတိုက်ပွဲများတွင် MNDAA နှင့်အတူ စစ်ကော်မရှင်လက်အောက်ခံ ပြည်သူ့စစ်အချို့ပါ ပူးပေါင်းပါဝင်ခဲ့ သည်ဟူသော သတင်းများကြောင့် တော်လှန်ရေးအင်အားစုများကြားတွင် စိုးရိမ်မှုနှင့် ဝေဖန်မှုများ ကျယ်ကျယ် လောင်လောင် ထွက်ပေါ်ခဲ့ရသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ အချို့ကမူ အဆိုပါ ပဋိပက္ခသည် တရုတ်နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်း တစ်ခုလုံးကို MNDAA က တစ်ဖွဲ့တည်း စိုးမိုးနိုင်ရေး ဦးတည်သည့် ဗျူဟာမြောက် ရွှေ့ကွက်တစ်ခုဖြစ်နိုင် ကြောင်း သုံးသပ် နေကြသည်။ 

အလားတူ နွေဦးတော်လှန်ရေး မဟာမိတ် တပ်ပေါင်းစု SRA၊ အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံ ကော်စီ NUCC နှင့် အရပ်ဘက်အဖွဲ့အစည်းများကလည်း မဟာမိတ်အချင်းချင်းကြား သွေးထွက် သံယိုမှုများကို ချက်ချင်းရပ်တန့်ရန် ထုတ်ပြန်တောင်းဆိုထားသည်။

မြေပြင်အခြေအနေနှင့် ပတ်သက်၍ ကွတ်ခိုင်မြို့ခံ အမျိုးသားတစ်ဦးက မြို့ထဲမှာတော့ သေနတ်သံတွေ ငြိမ် သွားပြီ။ ဒါပေမဲ့ လူတွေက ကြောက်နေတုန်းပဲ။ ကိုယ့်အချင်းချင်းကြားမှာ ဖြစ်တာဆိုတော့ ဘယ်သူ့ကို အားကိုးရမှန်း မသိတာတော့ အမှန်ပဲ။ အခု လောက်ကိုင်မှာ ဆွေးနွေးနေတယ်ဆိုပေမဲ့ နမ့်ခမ်းဘက်ကိုပါ MNDAA က ထပ်လာမယ်ဆိုတဲ့ သတင်းတွေကြားနေရတော့ စစ်ပွဲတွေ ပြန်ဖြစ်လာမှာကို အရမ်းစိုးရိမ်တယ် ဟု ပြောသည်။

လတ်တလောတွင် MNDAA သည် ကွတ်ခိုင်ကို သိမ်းပိုက်ပြီးနောက် နမ့်ခမ်းမြို့ဘက်သို့ပါ ထိုးစစ်ဆင်ရန် ပြင် ဆင်နေသည့် လက္ခဏာများ ရှိနေသဖြင့် လောက်ကိုင်ဆွေးနွေးပွဲ၏ ရလဒ်သည် ရှမ်းမြောက်ဒေသ၏ တည်ငြိမ် ရေးအတွက် အလွန်အရေးပါသည့် အဆုံးအဖြတ် ဖြစ်လာဖွယ်ရှိသည်ဟု ရှမ်းမြောက်အရေး စောင့်ကြည့်နေသူ များက ဆိုသည်။