ကသာအနီး ကျေးရွာဗုံးကြဲမှုတွင် အရပ်သား ၁ ဦးသေ၊ ၃ ဦး ဒဏ်ရာရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၃ ရက်။
ကသာအနီး ကျေးရွာတစ်ရွာကို စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား တစ်ဦး သေဆုံးပြီး အခြား ၃ ဦး ဒဏ်ရာရရှိခဲ့သည်။
စစ်ကိုင်းတိုင်း၊ ကသာမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးရွာ အတွင်းရှိ ခေါက်ဆွဲဆိုင်တွင် ထိုင်နေသည့် အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ဦး ဗုံးစထိမှန်သေဆုံးခဲ့ပြီး အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။
ဇန်နဝါရီလ ၂ ရက် မွန်းလွဲ ၁ နာရီဝန်းကျင်တွင် မြို့သိမ်းတိုက်ပွဲဖြစ်ပွားရာ ကသာမြို့နှင့် ၁၅ မိုင်ခန့်အကွာရှိ မိုးတားလေးတိုက်နယ်၊ ဟဲနားကျေးရွာအတွင်းသို့ စစ်ကောင်စီလေယာဉ်က ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဗုံးသီးကျရောက်ပေါက်ကွဲသည့်နေရာနှင့် မလှမ်းမကမ်းရှိ ခေါက်ဆွဲဆိုင်အတွင်း ထိုင်နေသူများ ဗုံးစထိမှန်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ဒေသခံအမျိုးသမီးတစ်ဦးက “ခေါက်ဆွဲဆိုင်မှာထိုင်နေတာ။ ဗုံးအစအနသွားထိတာ။ ဗုံးသီးကျတဲ့နေရာနဲ့က နည်းနည်းဝေးတယ်။ ၃ ယောက်ဒဏ်ရာရပြီး ၁ ယောက်သေတယ်” ဟု အတည်ပြု ပြောဆိုသည်။
စစ်ကော်မရှင်တပ်သည် မြို့သိမ်းတိုက်ပွဲစတင်သည့် ဒီဇင်ဘာလနောက်ဆုံးပတ်မှ စတင်ကာ ယနေ့အထိ ကသာမြို့ပတ်ပတ်လည်နှင့် အနီးနားရှိကျေးရွာများကို လေကြောင်းမှ အပြင်းအထန် တိုက်ခိုက်နေခြင်းဖြစ်သည်။
ထိုသို့ တိုက်ခိုက်မှုများကြောင့် ကသာမြို့ပေါ်ရှိ ပတ္တမြားရပ်ကွက်မှ ပတ္တမြားစျေးနှင့် အထက (၂) စာသင်ကျောင်း ဆောင် အချို့ မီးလောင်ပျက်စီးခဲ့ရသည်။
ဇန်နဝါရီ ၂ ရက် ညပိုင်း ၇ နာရီဝန်းကျင်တွင်လည်း လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ရှိနေခဲ့ပြီး ဗုံးခိုကျင်း များအတွင်း ပုန်းအောင်းနေရသည့် စစ်ဘေးရှောင် အမျိုးသားတစ်ဦးက မြေပြင်အခြေအနေကို ယခုကဲ့သို့ ပြောပြသည်။
“ပျံတာနိမ့်နိမ့်လေး။ ကျဲနေတာ။ ကျနော်တို့လည်း ဗုံးခိုကျင်းထဲဝင်နေတာ။ မြန်လိုက်တာ အဲ့တိုက်လေယာဉ် တွေက နီးမှသိရတာ။ အခြေအနေကတော့ မကောင်းဘူးနေမှာ အဲ့လိုလာရင်။”
တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များသည် ဒီဇင်ဘာလ ၂၈ ရက် (စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲ နေ့) တွင် ကသာမြို့သိမ်းတိုက်ပွဲကို စတင်ဆင်နွှဲခဲ့ခြင်းဖြစ်ပြီး၊ တိုက်ပွဲတစ်ပတ်အကြာတွင် မြို့လယ်ခေါင်အထိ ဝင်ရောက်စိုးမိုးထားနိုင်ပြီဖြစ်သည်။
လက်ရှိတွင် ခမရ ၃၀၉ တပ်ရင်းအနီးတစ်ဝိုက်၌ တိုက်ပွဲများ အပြင်းထန်ဆုံးဖြစ်ပွားနေပြီး နေအိမ်အများအပြား မီးလောင်ပျက်စီးနေသကဲ့သို့ မြို့ခံအများစုမှာလည်း ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်။
တော်လှန်ရေး အင်အားစုများသည် ၂၀၂၃ ခုနှစ်ကတည်းက ကသာမြို့ပေါ်မှလွဲ၍ ကျေးရွာအုပ်စုအများစုကို ထိန်းချုပ်ထားခဲ့ခြင်း ဖြစ်ပြီး၊ ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းတွင်မှ မြို့သိမ်းတိုက်ပွဲကို အရှိန်မြှင့်တင်ကာ အပြတ်အသတ် တိုက်ခိုက်လာခြင်း ဖြစ်ကြောင်း မြေပြင်သတင်းရင်းမြစ်များက ပြောသည်။