တော်လှန်ရေးတပ်များ စခန်း ၄ ခု သိမ်းပြီး ကသာ မြို့လယ်သို့ ရောက်ရှိ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၂ ရက်။
တော်လှန်ရေး ပူးပေါင်းတပ်များက ကသာမြို့လယ်အထိ ထိုးစစ်ဆင်နိုင်ခဲ့ပြီး စစ်ကော်မရှင် အခြေစိုက်စခန်း ၄ ခုကို သိမ်းပိုက်ထားနိုင်သည်ဟု မြေပြင်စစ်ရေး သတင်းရင်းမြစ်များက ပြောသည်။
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်အစပ်ရှိ ဗျူဟာကျသည့် ခရိုင်ရုံးစိုက်ရာ ကသာမြို့သိမ်းတိုက်ပွဲကို ရွေးကောက်ပွဲ မတိုင်မီ ၂ ရက်အလို ဒီဇင်ဘာ ၂၆ ရက်က စတင်ခဲ့ခြင်း ဖြစ်သည်။
တိုက်ပွဲ အတွင်း တော်လှန် ရေးပူးပေါင်းတပ်ဖွဲ့များက မြို့ပြင်ရှိ ကာကင်းစခန်း ၂ ခုကို ရှေးဦးစွာ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး၊ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် မြို့တွင်းရှိ စစ်ကောင်စီတပ်စွဲထားရာ အမှတ် (၅) ရပ်ကွက်မှ စိုးမိုးကုန်း (ဘုန်းကြီးကျောင်း) နှင့် အမှတ် (၈) ရပ်ကွက်ရှိ စေတီကုန်းအထိုင်စခန်းတို့ကိုပါ ထပ်မံ သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။
ကသာဒေသခံ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက မြေပြင်စစ်ရေးအခြေအနေနှင့် ပတ်သက်၍ ယခုကဲ့သို့ အတည်ပြု ပြောဆိုသည်။
“လက်ရှိကတော့ စခန်း ၄ ခု ရထားပြီ။ တော်လှန်ရေးတပ်တွေ မြို့ထဲကို တောက်လျှောက်ဝင်သွားပြီး မြို့ရဲ့ တစ်ဝက်လောက် ရောက်နေပြီ။ မြို့လယ်ခေါင်လို့တောင် ပြောလို့ရပါတယ်။ စစ်ကောင်စီဘက်ကတော့ ခမရ ၃၀၉ တပ်ရင်းတစ်ခုကနေပဲ အဓိကခုခံနိုင်တော့တဲ့ အခြေအနေပါ။”
အမျိုးသားညီညွတ်ရေး အစိုးရ (NUG) လက်အောက်ခံ PDF တပ်ဖွဲ့များနှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ပူးပေါင်းတပ်များ၏ ထိုးစစ်ဆင်မှုကြောင့် စစ်ကော်မရှင်တပ်သည် မြေပြင်လမ်းကြောင်းများ ပြတ်တောက်နေသည်ဟု ဆိုသည်။
ဇန်နဝါရီ ၂ ရက် ယနေ့နံနက်ပိုင်းတွင် ထောက်ပို့လေယာဉ် ၂ စီးအသုံးပြုကာ ခမရ ၃၀၉ တပ်ရင်းအတွင်းသို့ ရိက္ခာနှင့် စစ်ကူတပ်သားများ လေကြောင်းမှတစ်ဆင့် ချပေးခဲ့သည်။
စစ်ကော်မရှင်တပ်သည် ခမရ ၃၀၉ တပ်ရင်းအတွင်းမှ နေ၍ ဒရုန်းနှင့် လက်နက်ကြီးများအသုံးပြုကာ မြို့ပေါ် ရပ်ကွက်များသို့ နေ့စဉ်ဗုံးကြဲတိုက်ခိုက်နေသဖြင့် လူနေအိမ်အများအပြား မီးလောင်ပျက်စီးလျက်ရှိသည်။
ထို့အပြင် Y-12 လေယာဉ်ဖြင့် မြို့ပတ်ပတ်လည်ကို ဗုံးအလုံးပေါင်း ၆၀ ကျော် ဆက်တိုက်ကြဲချခဲ့သလို မြို့အဝင် အထွက်လမ်းများကိုလည်း ပိတ်ဆို့ထားခဲ့သည်။
သို့သော်လည်း ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် တော်လှန်ရေးတပ်ဖွဲ့များက လမ်းကြောင်းများ ရှင်းလင်းပေးခဲ့သဖြင့် မြို့ခံပြည်သူများသည် ဘေးလွတ်ရာသို့ အစုလိုက်အပြုံလိုက် ထွက်ခွာနိုင်ခဲ့ကြသည်။
ကသာမြို့မှ စစ်ဘေးရှောင်လာသည့် ဒေသခံတစ်ဦးက ၎င်းတို့ကြုံတွေ့ခဲ့ရသည့် အခြေအနေကို ယခုကဲ့သို့ ပြောပြသည်။
“အရင်နေ့တွေက စစ်တပ်က မြို့ထွက်လမ်းတွေအကုန် ပိတ်ထားတာ။ အခု PDF တွေက မြို့တစ်ဝက်ရပြီ ဆို တော့မှ သူတို့ထိန်းထားတဲ့ နေရာတွေကနေ ပြည်သူတွေ ထွက်လာနိုင်တာပါ။ တော်လှန်ရေးအဖွဲ့တွေက လမ်း ရှင်းပေးတာ၊ ကူညီပေးတာတွေ လုပ်ပေးတယ်။ လေယာဉ်ကလည်း တစ်ညလုံး ဗုံးတွေပတ်ချနေတာ။”
လက်ရှိတွင် ကသာမြို့၏ တစ်ဝက်နီးပါးကို တော်လှန်ရေးတပ်များက ထိန်းချုပ်ထားပြီး ခမရ ၃၀၉ တပ်ရင်း အနီးနှင့် ဇေယျာချောင်ရပ်ကွက်များ၌ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်။
တိုက်ပွဲအတွင်း စစ်ကော်မရှင် တပ်သား ၅၀ ကျော်ကို အရှင်ဖမ်းမိထားပြီး လက်နက်ခဲယမ်း အချို့ကိုလည်း သိမ်းဆည်းရမိထားသည်ဟု ဆိုသည်။
ကသာခရိုင်အတွင်းရှိ အင်းတော်နှင့် ဗန်းမောက်မြို့များကို ၂၀၂၅ ခုနှစ်အတွင်း တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထိန်းချုပ်ထားပြီးဖြစ်ရာ၊ ခရိုင်မြို့ဖြစ်သည့် ကသာကိုပါ သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။
သို့သော် စစ်ကော်မရှင်တပ်က လေကြောင်းနှင့် လက်နက်ကြီးများကို အလွန်အကျွံ အသုံးပြု၍ ခုခံနေသဖြင့် အရပ်သားထိခိုက်မှုများ ပိုမိုရှိလာနိုင်မည်ကို ဒေသခံများက စိုးရိမ်လျက်ရှိကြသည်။
ကသာ မြို့သိမ်း တိုက်ပွဲနှင့်အတူ ဗန်းမော် တိုက်ပွဲကိုလည်း တော်လှန်ရေး တပ်ဖွဲ့များက စစ်ရှိန် ပြန်မြှင့်ထားခဲ့သည်။