ရေကြီးနေသည့် ဂွမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်အုပ်စု ဗုံးကြဲမည်ကို ဒေသခံများစိုးရိမ်

သတင်းနှင့် မီဒီယာ ကွန်ရက်
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်။ 

စစ်အုပ်စုက အာရုံစိုက်ပြီး စစ်ကြောင်းထိုးနေသည့် ရခိုင်ပြည်တောင်ပိုင်း ဂွမြို့နယ်ရှိ ကျေးရွာများတွင် ဇူလိုင်လ ၁၃ ရက်နေ့၌ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး၊ အဆိုပါ ရေဘေးသင့်ဒေသများကို စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မည်ကို ဒေသခံပြည်သူများ စိုးရိမ်လျက်ရှိကြသည်။

ရခိုင်မြောက်ပိုင်းရှိ မြို့နယ်အများစုတွင် ရေကြီးနစ်မြုပ်မှုများနှင့် ကြုံတွေ့နေရချိန် ရခိုင်တောင်ပိုင်း ဂွမြို့နယ်ရှိ ရပ်ရွာအချို့တွင်လည်း ချောင်းရေများ အဆက်မပြတ် စီးဝင်လာမှုကြောင့် ရေလွှမ်းမိုးမှုဒဏ်ကို စတင်ခံနေရပြီ ဖြစ်သည်။

ဒေသခံ ပရဟိတသမားတစ်ဦးက ကျနော်တို့ ရခိုင်တောင်ပိုင်းဂွမြို့နယ်ကို အခုရေနစ်မြုပ်နေပါပြီ။ ဒီအချိန် စစ်တပ်နေဗီက လက်နက်ကြီးပစ်မှာနဲ့ လေကြောင်းက ဗုံးကြဲမှာကို ကြောက်ရတဲ့အပြင် ရိက္ခာ၊ သောက်သုံးရေ၊ ရွာတွေကို ရွှေ့ပြောင်းဖို့ပါ လိုအပ်လာနေပါတယ် ဟု ပြောသည်။

လက်ရှိတွင် ဂွမြို့နယ်ရှိ ဒေါင်းချောင်းအုပ်စု၊ ပေါက်တူးအုပ်စုတို့မှ ရပ်ရွာများအပြင် ရဟိုင်ဖျား၊ ရွာသစ်ကုန်း၊ ကုလားပြင်၊ ကိုင်းခုံ၊ ရေကျော်နှင့် ဘဝင်ရွာချောင်းဖျား ကျေးရွာများတွင် ရေစီးပြင်းထန်စွာ ရေကြီးမှု ဖြစ်ပွားနေသည်။ 

ဒေသခံများသည် သဘာဝဘေးအန္တရာယ်အပြင် စစ်ရေးအန္တရာယ်ကိုပါ ရင်ဆိုင်နေရသဖြင့် ကျေးရွာရွှေ့ပြောင်း ရေး၊ ရိက္ခာနှင့် သောက်သုံးရေအတွက် ခက်ခဲနေသောကြောင့် ကူညီကယ်ဆယ်ရေးတွင် နိုင်သလောက် ပါဝင်ပေးကြရန် ဒေသခံပရဟိတအဖွဲ့များက မေတ္တာရပ်ခံထားသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်နေ့ နံနက်ပိုင်းကလည်း ဂွမြို့နယ်၊ ပေါက်တူးကျေးရွာနှင့် ဓနိအုပ်စု၊ ကုလားချောင်း ကျေးရွာတို့ရှိ စာသင်ကျောင်းနှင့် အရပ်သားပြည်သူများ နေထိုင်ရာနေရာများကို စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အရပ်သား ၄ ဦး သေဆုံးပြီး အမျိုးသမီး ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်။ 

အလားတူ ဇူလိုင်လ ၈ ရက်နေ့ကလည်း ဂွကမ်းခြေနှင့် ဧရာဝတီတိုင်း ဘောမိကမ်းခြေတစ်လျှောက်ကို စစ်ရေယာဉ် ၄ စီးပေါ်မှ လက်နက်ကြီး အကြိမ် ၉၀ နီးပါး ရမ်းသန်းပစ်ခတ်ခဲ့သဖြင့် ကျိန္တလီမြို့ အမှတ် (၃) ရပ်ကွက်မှ ဒေသခံ ၆ ဦး ဒဏ်ရာရရှိခဲ့သည်။

ဇူလိုင်လဆန်းပိုင်းမှ စတင်၍ အာရက္ခဒေသအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့နယ်အချို့တွင် ရေလွှမ်းမိုးမှုများနှင့် လေဆင်နှမောင်းတိုက်ခိုက်မှုများ ကြုံတွေ့ခဲ့ရပြီး နေအိမ်အဆောက်အအုံ ရာနှင့်ချီ ပျက်စီးခဲ့ရသည်။ 

မြေဆီလွှာများ ရေဝင်အလွန်များကာ တောင်ပြိုမှု၊ မြေပြိုမှုများနှင့် လျှပ်တစ်ပြက်ရေကြီးမှုများ ဖြစ်ပေါ်နိုင် သဖြင့် ဒေသခံပြည်သူများ အထူးသတိပြုကြရန်နှင့် မြစ်နား၊ ချောင်းနားတွင် ထင်းကောက်ခြင်းမပြုရန် အာရက္ခ ပြည်သူ့တော်လှန်ရေးအစိုးရ (Arakan People’s Revolutionary Government – APRG) က သတိပေးနှိုးဆော် တားမြစ်ထားသည်။