ဂွမြို့တွင် ရေကြီးနေစဉ် ညပိုင်း၌ စစ်တပ်က ဗုံးအလုံး ၅၀ ကျော် ကြဲချတိုက်ခိုက်

သတင်းနှင့် မီဒီယာ ကွန်ရက်
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်။ 

ရခိုင်ပြည်တောင်ပိုင်း ဂွမြို့တွင် မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ စတင်ဖြစ်ပွားနေစဉ်၊ ဇူလိုင်လ ၁၃ ရက် ညပိုင်းက စစ်တပ်က ဂျက်တိုက်လေယာဉ်နှင့် Y-12 လေယာဉ်များဖြင့် ဗုံးအလုံး ၅၀ ကျော် လာရောက်ကြဲချ တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဇူလိုင်လ ၁၃ ရက်နေ့၊ ည ၁၀ နာရီမှ ၁၀ နာရီ ၅၅ မိနစ်အထိ မိနစ် ၅၀ ကျော်ကြာအတွင်း စစ်တပ်က ဂွမြို့နယ် အတွင်းရှိ ကျေးရွာဝန်းကျင်များနှင့် လယ်ကွင်းပြင်များကို ဂျက်ဖိုက်တာဖြင့် ၄ ကြိမ်၊ Y-12 လေယာဉ် ဖြင့် ၆ ကြိမ်၊ စုစုပေါင်း ၁၀ ကြိမ်ထက်မနည်း လာရောက်ဗုံးကြဲခဲ့ခြင်း ဖြစ်သည်။

ဒေသခံ ပရဟိတသမား အမျိုးသားတစ်ဦးက ရေတက်လာကတည်းက ဗုံးကြဲမှာကို ကြောက်နေကြတာ။ ထင်တဲ့ အတိုင်း ကြဲခဲ့တယ်။ ရေကြီးနေတဲ့ ရဟိုင်းကွင်းရွာကိုလည်း ကြဲတယ်။ တောင်တန်းတွေ၊ လယ်ကွင်းအစပ်တွေ ကို ကြဲတာ။ ညဘက်ကြဲတာ အလုံး ၅၀ ကျော်တယ်။ အသေအပျောက် မကြားရသေး။ သဘာဝဘေး အန္တရာယ် နဲ့ ရင်ဆိုင်ရလို့ ခက်ခဲနေတဲ့အချိန်မှာ ရက်ရက်စက်စက် လုပ်တာပါ ဟု ပြောသည်။

အဆိုပါ လေကြောင်းမှ ကြဲချခဲ့သည့် ဗုံးသီးများသည် ဂွမြို့နယ်၊ ကွင်းလျားရှည်ကျေးရွာ မြောက်ဘက် လယ်ကွင်းအစပ် တောင်ခြေများ၊ ရဟိုင်းကွင်းကျေးရွာ အနောက်ဘက် လယ်ကွင်းများ၊ ကျောင်းကုန်းကျေးရွာ အရှေ့ဘက် လယ်ကွင်းအစပ် တောင်ခြေနှင့် ကျောင်းကုန်းကျေးရွာရှိ လမ်းမကြီးဘေး နေအိမ်အချို့ဝန်းကျင်တွင် ကျရောက်ပေါက်ကွဲခဲ့သည်။

လက်ရှိတွင် ဂွမြို့နယ်အတွင်းရှိ ရဟိုင်ဖျား၊ ရွာသစ်ကုန်း၊ ကုလားပြင်၊ ကိုင်းခုံနှင့် ရေကျော်ကျေူရွာတို့တွင် ဒီရေတက်မှုနှင့်အတူ ရေကြီးရေလျှံမှုများ ကြုံတွေ့နေရဆဲ ဖြစ်သည်။

ဂွမြို့နယ်တွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများ ဆက်တိုက်ရှိနေပြီး၊ ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်နေ့ကလည်း ဓနိကျေးရွာအုပ်စု၊ ကုလားချောင်းနှင့် ပေါက်တူးကျေးရွာ စာသင် ကျောင်းတို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သားပြည်သူ ၄ ဦး သေဆုံးကာ ၁ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည့် အပြင် စာသင်ကျောင်းနှင့် နေအိမ် ၇ ဆောင် ပျက်စီးဆုံးရှုံးခဲ့သည်။