ရခိုင်တွင် မိုးသည်းထန်ပြီး ရေကြီးရေလျှံမှုကြောင့် အရေးပေါ်ပြင်ဆင်မှုများ လိုအပ်နေ
သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၉ ရက်။
ရခိုင်ပြည်အတွင်း မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် မြစ်ရေများ မြင့်တက်လာကာ မြို့သုံးမြို့တွင် ရေကြီးရေလျှံ မှုများ ဖြစ်ပေါ်နေသဖြင့် အရေးပေါ် ပြောင်းရွှေ့ရေးနှင့် စားနပ်ရိက္ခာ အစီအစဉ်များ ကြိုတင်ပြင်ဆင်ရန် လိုအပ် နေသည်။
ပြီးခဲ့သည့် တစ်ပတ်ခန့်မှစတင်ကာ ရွာသွန်းခဲ့သော မိုးကြောင့် ဇူလိုင် ၈ ရက်တွင် မင်းပြား၊ မြောက်ဦးနှင့် ကျောက်တော်မြို့နယ်များရှိ မြေနိမ့်ပိုင်းဒေသများတွင် ရေစတင်ဝင်ရောက်ခဲ့သည်။
လက်ရှိတွင် ကုလားတန်မြစ်နှင့် လေးမြို့မြစ်ရေများ မြင့်တက်လာနေပြီး လာမည့်ရက်များတွင် မိုးပိုမိုကြီးလာ ကာ ရက်ရှည်ရေကြီးနိုင်ကြောင်း ကမ္ဘာလုံးဆိုင်ရာ ရေလွှမ်းမိုးမှု ကြိုတင်သတိပေးစနစ် (GloFAS) က သတိပေး ထားသည်။
“ကုလားတန်မြစ်နဲ့ လေးမြို့မြစ်ကမ်းဘေး မှာ နေထိုင်တဲ့ သူတွေ ပြောင်းရွှေ့ကြဖို့ ရခိုင်ဘာသာနဲ့လည်း အချင်းချင်း သတိပေးနေပါတယ်။ ကြိုတင် ပြင် ဆင်တာတွေ၊ ဘေးလွတ်ရာ အစီအမံတွေ၊ စားနပ်ရိက္ခာတွေ လိုအပ်နေပါတယ်။” ဟု မြေပြင်တွင် ကူညီဆောင်ရွက်ပေးနေသည့် ပရဟိတသမားတစ်ဦးက ပြောသည်။ “မင်းပြား၊ မြောက်ဦးနဲ့ ကျောက်တော်မြို့နယ်တွေမှာ ရေတက်လာပြီ။ မြောက်ဦးမှာ ရေတက်တာအပြင် မြေပြိုတယ်၊ သံတွဲလည်း ရေတက်တယ်။ ကျနော်တို့ ရရှိထားတာ တောင်ကုတ်လည်း ရေစတက်လာပြီ” ဟု သူက ဆက်ပြောသည်။
မြောက်ဦးမြို့ရှိ နန်းကျား၊ မြောင်းဘွေ၊ ဆီသည်၊ ပေါင်းတုတ်၊ ပရိန်၊ လေးမြို့ချောင်း ကျေးရွာများ၊ လက်မ၊ ရွှေတမာ၊ ဖုန်သာချောင်း၊ ဇိုင်ချောင်းနှင့် ကျောက်တော်မြို့နယ်ရှိ မဟာမုနိ၊ ညောင်ချောင်း၊ စပါးဆိပ်၊ သရက်တပင် ကျေးရွာများတွင် ရေနစ်မြုပ်လျက်ရှိသည်။
ရေကြီးမှုကာလမှာ ဇူလိုင် ၁၆ ရက်အထိ ကြာမြင့်နိုင်ပြီး ထိုအခြေအနေသည် နှစ် ၂၀ အတွင်း အမြင့်ဆုံးစံချိန်ကို ကျော်လွန်နိုင်ကြောင်း ခန့်မှန်းထားသည်။
စစ်ဘေးရှောင်များမှာ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကို စိုးရိမ်နေရသည့်ကြားမှ ရာသီဥတုဆိုးရွားမှုဒဏ် ကိုပါ ခံစားနေကြရသည်။
အထူးသဖြင့် ကျောက်တော်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများတွင် အမိုးအကာ မလုံခြုံခြင်းကြောင့် မိုးယို၊ မိုးပက်ခြင်းဒဏ်ကို ဆိုးရွားစွာ ခံစားနေရသည့်အပြင် စားနပ်ရိက္ခာအတွက်ပါ ပူပန်နေရသည်။
ဇူလိုင် ၁၀ ရက်မှစ၍ ရခိုင်ပြည်အတွင်း ရေကြီးမှုမှာ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနိုင်သည့်အတွက် မြစ်၊ ချောင်း အနီးနှင့် မြေနိမ့်ပိုင်းနေပြည်သူများအနေဖြင့် လုံခြုံရာနေရာများသို့ အမြန်ဆုံး ရွှေ့ပြောင်းကြရန် လိုအပ်နေသည်။
လက်ရှိတွင် စစ်ဘေးရှောင်များအတွက် ခြင်ထောင်၊ မိုးကာ၊ ဆေးဝါး၊ အခြေခံစားသောက်ကုန်နှင့် အမျိုးသမီး များအတွက် လစဉ်သုံးပစ္စည်းများပါ အရေးတကြီး လိုအပ်လျက်ရှိသည်။