ရှေ့တန်းမှ ပြန်ဆုတ်လာသည့် တပ်သားသစ်များအား သတ်ဖြတ်မှုများ ရှိနေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၉ ရက်။ 

ရှေ့တန်းစစ်မြေပြင်မှ ပြန်ဆုတ်လာသည့် တပ်သားသစ်များကို အထက်ရှိများက ပစ်ခတ်သတ်ခြင်းများ လုပ် သည့်အပြင် ဒဏ်ခတ်မှုများလည်း ရှိနေသည်ဟု အာရက္ခတပ်တော် (AA) ထံ အလင်းဝင်သည့် တပ်သားများက ပြောသည်။

မကွေးတိုင်းနှင့် ရခိုင်ပြည် အစပ်ရှိ စစ်ကော်မရှင်၏ နတ်ရေကန်ဗျူဟာမှ စစ်အရာရှိများသည် ရှေ့တန်း စစ်မြေ ပြင်မှ စခန်းသို့ပြန်ဆုတ်လာသည့် တပ်သားသစ်များကို ပစ်သတ်ရန် အမိန့်ပေးထားသည်ဟုများ အာရက္ခတပ် တော် (AA) ထံ အလင်းဝင်လာသည့် တပ်သားများကပြောသည်။

အာရက္ခတပ်တော် AA ထံ အလင်းဝင်လားသည့် တပ်သား နေသူရမျိုးက “တိုက်ပွဲဖြစ်တိုင်းတော့ တပ်မမှူး တပည့်နဲ့ တပ်မမှူးတွေ ကတော့ ခြံစည်းရိုးဝမှာ အမြဲတမ်းစောင့်နေတယ်။ ဘယ်ကောင်ဆုတ်လာမလဲ ဆုတ် လာမယ့်ကောင်ကို ပစ်သတ်မယ်။ အဲ့လိုမျိုး ပြောတယ်။ အဲ့မှာ ကျနော့်မျက်မြင် ကိုယ်တွေ့တင်ပေါ့ ပစ (ပြည် သူ့စစ်မှုထမ်း) နှစ်ယောက် ၇၉ ရယ် ၄ ၂၀ ရယ် အဲ့မှာနှစ်ယောက်ကျနော့်ရှေ့တင်ပေါ့ဆုတ်လာတဲ့ နှစ်ယောက် ကတော့ တွေ့တယ်။ နှစ်ယောက်ကတော့ တပ်မမှူးတပည့် ပစ်လိုက်တယ် အဲ့မှာပစ်လိုက်တော့ ခေါင်းတည့်တည့် ပဲ မှန်သွားတာ နှစ်ယောက်လုံးသေသွားတယ် ဟု ထွက်ဆိုသည်။

ကိုယ်ပိုင်အမှတ် ပစ/၁၄၇၅၅၁ တပ်သား နေသူရမျိုးသည် စစ်ကော်မရှင်၏ နတ်ရေကန်ဗျူဟာမှ ဇူလိုင်လ (၂၇) ရက်နေ့က အာရက္ခတပ်တော်ထံသို့ အလင်းဝင်လာသူ ဖြစ်သည်။

စစ်မှုထမ်း ဥပဒေအရ တပ်ထဲသို့ ထည့်သွင်းသည့် တပ်သားများကို ပြည်သူ့ စစ်မှုထမ်း အဖြစ် သတ်မှတ်ပြီး ကိုယ်ပိုင် အမှတ်များကို ပစ အဖြစ် ပေးထားသည်။ 

ထို့အတူ ရှေ့တန်းစစ်မြေပြင်မှ စခန်းသို့ ပြန်ဆုတ်လာသည့် တပ်သားသစ်များကို မိုးရေထဲ၌ အစာငတ်ခံခိုင်းကာ ကြိုးဖြင့်တုပ်ပြီး အစာအငတ်ခံထားခြင်း၊ ထိုးကြိတ် ရိုက်နှက်မှုများလည်း လုပ်လေ့ရှိသည်ဟု ဆိုသည်။

အမ်း – ပဒါန်း စစ်မြေပြင်တွင် စစ်ကော်မရှင်တပ်မှ AA ထံသို့ အလင်းဝင်လာသူ ကိုယ်ပိုင်အမှတ် – ပစ/၁၃၄၉၈၁ တပ်သား နေလင်းအောင်ကလည်း ယခုကဲ့သို့ ထွက်ဆိုထားသည်။

“ကျနော်တို့ ပစ တော်တော်များများက အရှေ့ဆုံးပွိုင့်မှာ ဆင်းရတာများပါတယ်။ အရှေ့မှာဘယ်သူမှ မရှိဘူး။ ကျနော်တို့ ပစတွေပဲရှိတယ်။ ရန်သူနဲ့ မျက်နှာချင်းဆုံ ပစ်လာပြီးဆိုရင် ရန်သူဘက်က ဖိအားများပြီး ကျနော်တို့ ပြန်ပြီး ဆုတ်လာပြီဆိုရင်လည်း အနောက်က အရာရှိ တော်တော်များများက ပစ်တာများပါတယ်။ မင်းတို့ ဘာ ကြောင့်ဆုတ်လာလဲ ဆိုပြီးတော့ ပစ်တာများတယ်။ အဲ့လိုပစ်လာပြီဆို ကျနော့်ရှေ့မှာတင် သူငယ်ချင်း တစ်ယောက်က နောက်က အရာရှိတွေ ပစ်လိုက်လို့ပဲ နောက်စေ့ပွင့်သွားပြီး ကျနော့်မျက်မြင် ကိုယ်တွေ့ပေါ့။ အဲ့လို မြင်ခဲ့ရတာဆိုတော့ ကျနော်တို့လည်း ကြောက်တာပေါ့။ ကြောက်တဲ့ခါ သူတို့ ရှေ့တက်ဆို ကျနော်တို့ တက်ပေးရတာပေါ့။” 

စစ်ကော်မရှင်တပ်မှ အထက်ရာရှိများ၏ လုပ်ရပ်များကြောင့် တပ်သားသစ်များနှင့် ပြည်သူ့စစ်အဖွဲ့ဝင်များသည် စိုးရိမ်ထိတ်လန့်နေကြသည်။

၎င်းတို့မှာ ရှေ့တန်းစစ်မြေပြင်တွင် စစ်တိုက်ရမည်ကို စိုးရိမ်၍ မိမိတို့၏ ခြေလက်များကို ကိုယ်ပိုင်သေနတ်၊ လက်ပစ်ဗုံးတို့ဖြင့် ပစ်ခတ်ဖောက်ခွဲပြီး မိမိကိုယ်ကို ဒဏ်ရာရအောင်လုပ်သည့် တပ်သားသစ်များလည်း ရှိနေ သည်ဟု နေသူရမျိုးက ဆက်ပြောသည်။

စစ်မတိုက်ရရင် ပြီးရော ဆိုပြီးတော့ ကိုယ့်သေနတ်နဲ့ကိုယ် လက်တွေ ခြေထောက်တွေ ကိုယ့်ဟာကိုယ် ပြန်ပစ် တယ်။ တစ်ချို့ လူတွေဆိုလို့ရှိရင် လက်ပစ်ဗုံးတွေနဲ့ ကိုယ့်ဟာကိုယ် ဒဏ်ရာရအောင် ခွဲတဲ့လူလည်းရှိတယ်။ ကျနော် မျက်မြင်ကိုယ်တွေ့တင်ကို ပစ (ပြည်သူ့စစ်မှုထမ်း) ၇ ယောက်လောက် ရှိတယ်။” 

ထို့ကဲ့သို့ မိမိကိုယ်ကိုယ် ဒဏ်ရာရအောင်လုပ်သည့် တပ်သားများကို အထက်အရာရှိ တပ်မမှူးများက ဖမ်းဆီးပြီး နတ်ရေကန်ဗျူဟာအတွင်းရှိ ခြောက်ပေါက်ထဲသို့ထည့်ကာ ဆေးကုသမှုမပေးဘဲ ထပ်မံ ရိုက်နှက်သည့်အပြင် အစာငတ်ခံထားသည်ဟု ဆိုသည်။

၎င်းတို့၏ ဒဏ်ရာများသက်သာချိန်တွင် ထောင်ချ၊ တရားစွဲ ဆိုမည်ဖြစ်ပြီး ထောင်မှ ပြန်လည် လွတ်မြောက်လာ ပါက ရှေ့တန်းစစ်မြေပြင်သို့ တဖန်ပြန်ပို့မည်ဟု ခြိမ်းခြောက်မှုများလည်းရှိသည်ဟု ဆိုသည်။

ထို့အတူ တပ်ထဲမှ ထွက်ပြေးရန် ကြိုးစားသည့် တပ်သားမျာကိုလည်း လက်နောက်ပြန် ကြိုးတုပ်ကာ ရန်သူ့ ပစ်ကွင်း၌ ကြိုးနှင့်တုပ်ထားပြီး နှိပ်စက်သည်ဟု တပ်သား နေသူရမျိုးက ဆိုသည်။

စစ်ကော်မရှင်တပ်သည် အဓမ္မစုဆောင်းထားသူများကို တိုက်ပွဲအတွင်း ရှေ့ထွက် အသေခံ တပ်သားအဖြစ် အသုံးချ လျက်ရှိသကဲ့သို့ မှုးယစ်ဆေးဝါးများကို အမိန့်ပေးသုံးစွဲစေပြီး စစ်တိုက်ထွက်ခိုင်းနေသည်ဟု အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။

စစ်ကော်မရှင်သည် စစ်မှုထမ်း အကျုံးဝင် လူငယ်များကို အတင်းအဓမ္မ ဖမ်းဆီးပြီး ၎င်းတို့၏ရန်သူဖြစ်သည့် တော်လှန်ရေး အင်အားစုများနှင့် စစ်ပွဲဖြစ်သည့်အခါ တပ်သားသစ်များကို လူသားဒိုင်းအဖြစ် သုံးလျှက်ရှိသည်။ 

ထိုသို့ လူငယ် တပ်သားသစ်များကို အကာအကွယ် ယူနေသည့် လုပ်ရပ်မှာ စစ်ရာဇဝတ်မှု ဖြစ်သည်ဟု မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်း (HURFOM) အဖွဲ့ ဒါရိုက်တာ နိုင်အဲမွန်က ပြောသည်။