ပထမဆုံး M.B.B.S ဆေးပညာဘွဲ့သင်တန်း ချင်းပြည်တွင် ဖွင့်လှစ်မည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၈ ရက်။

ချင်းပြည်တွင် ဆေးပညာဘွဲ့/ ခွဲစိတ်ပညာဘွဲ့ (M.B.B.S) ပေးနိုင်မည့် သင်တန်းကို ဖွင့်လှစ်သွားမည်ဟု ချင်ပြည် အစိုးရ၏ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ပြောသည်။

ချင်းပြည်အတွင်း ကြုံနေရသော ကျန်းမာရေးဝန်ထမ်း လိုအပ်ချက်ကို ဖြေရှင်းနိုင်ရေး အဆိုပါ သင်တန်းကို ဖွင့်ရ ခြင်း ဖြစ်သည်ဟု ချင်းပြည် အစိုးရ၏ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဩဂုတ်လ ၅ ရက်နေ့တွင် ထုတ်ပြန်သည်။

၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလက စတင်ပြီး Bachelor of Medicine, Bachelor of Surgery (M.B.,B.S) ဆေးပညာဘွဲ့/ခွဲစိတ်ပညာဘွဲ့ သင်တန်းကို ဖွင့်သွားမည် ဖြစ်သည်။

ဒါဟာ ချင်းပြည်မှာ ပထမဆုံး အကြိမ် ဖွင့်တဲ့ သင်တန်းဖြစ်ပြီး ကျောင်းသား အယောက် ၃၀ ပဲ လက်ခံမယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

အဆိုပါ ဆေးပညာဘွဲ့ပေးသည့် သင်တန်းကို ဆေးတက္ကသိုလ် (၁)/University of Medicine (1) ၊ ကြားကာလ တက္ကသိုလ် ကောင်စီ (Interim University Council) တို့ ပူးပေါင်းဖွင့်လှစ်သွားမည်ဟု ထုတ်ပြန်ထားသည်။

သင်တန်းကာလ ၆ နှစ်တွင် သင်ကြားရေးပိုင်းကို သွားမှာဖြစ်ပြီး၊ အလုပ်သင်ကာလ ၁ နှစ်ဖြင့် ပေါင်းပါက သင်တန်းကာလ ၇ နှစ်အကြတွင် ဆေးပညာဘွဲ့ကို ရမှာ ဖြစ်သည်။

အဆိုပါ ဆေးပညာဘွဲ့ သင်တန်းအား လျှောက်ထားချင်သူများအနေဖြင့် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့၊ ညနေ ၄ နာရီအချိန်ထိ လျှောက်ထားနိုင်မှာ ဖြစ်သည်။

လျှောက်ထားမယ့်သူများ အနေဖြင့် ၂၀၂၁ မတိုင်မီ (သို့မဟုတ်) ၂၀၂၁ နောက်ပိုင်း NUG ပညာရေးစနစ်ဖြင့် ၁၀ တန်း (သို့မဟုတ်) ၁၂ တန်း အောင်မြင်ထားသူ၊ ချင်းပြည်အစိုးရ လက်အောက်ရှိ Pre-college ၌ တက်ရောက် နေသူများနှင့် တက်ရောက် ပြီးစီးသူများက လျှောက်ထားနိုင်သည်ဟု ဆိုသည်။

အသေးစိတ်အချက်အလက်နှင့် လျှောက်လွှာကိုမူ ချင်းပြည် အစိုးရ၏ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန Facebook စာမျက်နှာတွင် ရယူနိုင်သည်။