KIO ဌာနချုပ် လိုင်ဇာရေကြီးမှုထဲ ကလေးအပါအဝင် ပြည်သူ ၆ ဦး ရေထဲမျှောပါသေဆုံး
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၈ ရက်။
ကချင်လွတ်လပ်ရေး အဖွဲ့ KIO ဌာနချုပ် လိုင်ဇာမြို့ အနီးဝိုက်တွင် ဖြစ်ခဲ့သည့် ရေကြီးရေလျှံမှုထဲ အသက် ၃ နှစ် အရွယ် ကလေးတစ်ဦး အပါအဝင် ပြည်သူ ၆ ဦး ရေထဲမျှောပါ သေဆုံးခဲ့သည်ဟု ဒေသခံများက ပြောသည်။
လိုင်ဇာအနီးဝန်းကျင်တွေ ဖြစ်ခဲ့သည့် ရေကြီးရေလျှံမှုမှာ ဩဂုတ်လ ၄ ရက်နေ့ နံနက်အစောပိုင်းတွင် ဖြစ်ပွားခဲ့ ခြင်း ဖြစ်သည်။
တရုတ် – မြန်မာနယ်စပ်မျဉ်းအနီးရှိ လိုင်ဇာမြို့တွင် ရုတ်တရက် တောင်ကျချောင်းရေများ ကျလာပြီးနောက် မုန်လိုက်ခက်ချောင်းမှာ ချောင်းရေမြင့်တက်ကာ ရေကြီးရေလျှံမှု ဖြစ်ခဲ့ခြင်း ဖြစ်သည်။
လိုင်ဇာဒေသခံ အမျိုးသား တစ်ဦးက “ဂျေယန့်နဲ့ ဖုန်လွမ်ယန်ကြားက အလန့်ဘွမ် (အလန့်တောင်) က ကျောင်း တွေလည်း အဲ့မှာလည်း အကုန်ရေကြီး ပြီး ပျက်ကုန်တယ်။ အရင်တုန်းကလည်း ဖြစ်ခဲ့ဖူးတယ် တစ်ခေါက် ပေါ့။ အခုတစ်ခေါက် ထပ်ဖြစ်တာပေါ့။ တောင်ကျရေကြောင့် ကြီးတာပါ။ လူသေတာက ရေထဲမျှောပြီး ပါ သွားတာ။ ပျက်စီးဆုံးရှုံးမှုက ပြောမပြတတ်အောင် များတယ်” ဟု ပြောသည်။
ရေကြီးရေလျှံမှုထဲ ပြည်သူ ၆ ဦး သေဆုံးသွားသည့်အပြင် စစ်ရှောင်စခန်းက နေအိမ်များ အပါအဝင် လူနေအိမ် အလုံးရေ ၄၆၀ ကျော် ပျက်စီးသွားသည်ဟု KIO က ဆိုသည်။
နေအိမ်များ ပျက်စီးသွားသည့်၊ ရေထဲမျှောပါသွားသည့် ပြည်သူများနှင့် စစ်ရှောင်များကို လက်ရှိတွင် စာသင် ကျောင်းများ၊ ဘုရားကျောင်းများနှင့် ခန်းမဆောင်နေရာများတွင် ယာယီနေထိုင်ရေး စီစဉ်ပေးရသည်ဟု အကူ အညီပေးနေသည့် လိုင်ဇာမြို့ခံ လူငယ်များက ပြောသည်။
လိုင်ဇာမြို့အနီးရှိ ဂျေယန့် စစ်ရှောင်စခန်း အပါအဝင် ဖွန်လွမ်ယန် စစ်ရှောင်စခန်း၊ ဂျာထူကောင့် စစ်ရှောင်စခန်း၊ မုန်ဆိုင်ယန်ကျေးရွာတို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။
ဂျေယန့် စစ်ရှောင်စခန်းတွင် ၂၀၁၉ ခုနှစ်စာရင်းအရ စစ်ရှောင်ဦးရေ ၈၈၀၀ ကျော် ရှိသည့် စစ်ရှောင်စခန်းကြီး ဖြစ်သည့်အပြင် ဖွန်လွမ်ယန်နှင့် ဂျာထူကောင့် စစ်ရှောင်စခန်းတို့မှ စစ်ရှောင်ပြည်သူများ အားလုံးသည့် လက်ရှိ တွင် ရေဘေးပါ ထပ်ရှောင်ကြရသည့် ရေဘေးရှောင်ဒုက္ခသည် ဘဝထပ်ရောက်ကုန်ကြသည်။
စစ်ဘေးရှောင် တဖြစ်လဲ ရေဘေးရှောင်များအတွက် အဝတ်အစားများ၊ တစ်ကိုယ်ရေသုံးပစ္စည်း၊ ဆေးဝါး၊ အိမ် အသုံးအဆောင် ပစ္စည်းများ အရေးပေါ် လိုအပ်နေသည့်အပြင် နေစရာ နေရာအတွက် နေအိမ်များ ပြန်ဆောက် ပေးနိုင်ရေး အကူအညီများစွာ လိုအပ်နေသည်ဟု ဆိုကြသည်။
ယခုဖြစ်ခဲ့သည့် ရေကြီးရေလျှံမှုထဲ ပြန်လည်ထူထောင်ရေး ကိစ္စရပ်များအား အမြန်လုပ်ပေးရန် အကူအညီများ လိုအပ်နေသည့်အပြင် ပျက်စီးသွားသော လမ်းတံတားများ ပြန်လည် ပြုပြင်ဖို့လည်း လိုအပ်နေသည်။
စစ်ရှောင်စခန်းများနှင့် ကျေးရွာများထဲက နေအိမ်များအပြင် မုန်လိုင်ခက်တံတား၊ လဂျားယန်တံတားတို့ အပါ အဝင် တံတား ၇ စီးခန့် ပျက်စီးသွားသည်ဟု ဆိုသည်။
ထို့အပြင် လိုင်ဇာမှ စစ်ရှောင်စခန်းများသို့ သွားသည့် လမ်းပိုင်းနေရာများလည်း ပျက်စီးကုန်သည်ဟု ဒေသခံများ က ပြောသည်။