ဝေါလေဒေသတွင် တိုက်ပွဲများ ပြင်းထန်နေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၈ ရက်။
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဝေါလေဒေသ၌ တိုက်ပွဲများ ပြင်းထန်နေပြီး စစ်တပ်ကလည်း လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်လုပ်နေသည်ဟု မြေပြင်သတင်းအရင်းအမြစ်က ပြောသည်။
ထိုင်းနယ်စပ်နှင့် ၃ ကီလိုမီတာသာ ဝေးသော ဝေါလေဒေသတွင် ဩဂုတ်လ ၅ ရက်နေ့နှင့် ဩဂုတ် ၆ ရက်နေ့တို့တွင် တိုက်ပွဲများ ပြင်းထန်လျှက်ရှိသည်။
မြေပြင်တွင် တိုက်ပွဲများ ပြင်းထန်နေသည့်အပြင် ဝေဟင်ထိုးစစ်များလည်း ဆက်တိုက် လုပ်နေသည်ဟု ဆိုသည်။
ဩဂုတ်လ ၆ ရက်နေ့က စစ်ကော်မရှင် လေတပ်က လေယာဉ်နှင့် ဆက်တိုက် ဗုံးကြဲခဲ့သည်ဟု ဆိုသည်။ Y-12 နှင့် Y-8 လေယောဉ်တို့ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကို လုပ်နေသည်ဟု ဆိုသည်။
တိုက်ပွဲထဲ စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေသည့် အပြင် လက်နက်ခဲယမ်းနှင့် ရိက္ခာများလည်း လေကြောင်းအသုံးပြုပြီး တောက်လျှောက်ချပေးသည်ဟု မြေပြင်သတင်းအရင်းအမြစ်က ပြောသည်။
ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် ပူးပေါင်းတပ်တို့က ဥကရစ်ထစခန်းကို သိမ်းယူပြီး နောက် ဇူလိုင်လကတည်းက ဝေါလေဗျူဟာကို ဆက်လက်ပိတ်ဆို့ထားခဲ့ခြင်း ဖြစ်သည်။
သို့သော် ဒေသတွင်းရာသီ ဥတု အခြေအနေများကြောင့် တိုက်ပွဲသံများ ခေတ္တ ရပ်တန့်သွားခဲ့ရာမှာ ယခု ဩဂုတ် လဆန်းပိုင်းတွင် တော်လှန်ရေး ပူးပေါင်းတပ်က ပြန်လည် ထိုးစစ်ဆင်လာနေခြင်း ဖြစ်သည်။
အလားတူ ဝေါလေဗျူဟာတွင် ဖြစ်ပွားနေသည့် တိုက်ပွဲအခြေအနေများအား မြန်မာ – ထိုင်း နယ်စပ်၊ ထိုင်းဘက်ခြမ်းရှိ ထိုင်းစစ်တပ်ကလည်း အခြေနှင့် တပြေးညီ စောင့်ကြည့်နေကြသည်ဟု ထိုင်းသတင်းဌာနများ တွင် ဖော်ပြထားသည်။