တရုတ် အမေရိကန် ကုန်သွယ်ခွန် သတ်မှတ်ရေး ရက် ၉၀ အချိန် တိုးမြှင့်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်။
တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံအကြား ကုန်သွယ်ခွန် အပြန်အလှန် တိုးမြှင့်မည့် ကိစ္စကို နောက်ထပ် ရက်ပေါင်း ၉၀ ရွှေ့ဆိုင်းလိုက်သည်။
အဆိုပါ ရွှေ့ဆိုင်းရန် အမိန့်ကို အခွန်များ တိုးမြှင့်ရန် နာရီပိုင်း အလိုတွင် အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က စီမံခန့်ခွဲမှု အမိန့်အဖြစ် လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။
ဤသဘောတူညီချက် မရရှိခဲ့ပါက တရုတ်မှ အမေရိကန်သို့ တင်ပို့သော ကုန်ပစ္စည်းများအပေါ် အမေရိကန်က ကောက်ခံမည့် အခွန်မှာ လက်ရှိ ၃၀ ရာခိုင်နှုန်း မှ ၅၄ ရာခိုင်နှုန်းသို့ တိုးမြှင့်သွားမှာ ဖြစ်သည်။
အလားတူပင် အမေရိကန်မှ တရုတ်သို့ တင်ပို့သော ကုန်ပစ္စည်းများကိုလည်း တရုတ်က ၁၀ ရာခိုင်နှုန်း ကောက်ခံ ရာမှ ၃၄ ရာခိုင်နှုန်းသို့ တိုးမြှင့်သွားမည် ဖြစ်သည်။
သဘောတူညီချက် ရလိုက်သည့်အတွက် နောက်ထပ် ရက်ပေါင်း ၉၀ အတွင်း အမေရိကန်မှ တရုတ်ကို ဝင်နေ သည့် ကုန်ပစ္စည်းများကို တရုတ်က ၁၀ ရာခိုင်နှုန်းသာ အခွန်ကောက်မှာ ဖြစ်သည်။
ထို့အပြင် တရုတ်မှ အမေရိကန်သို့ တင်ပို့သော ပစ္စည်းများကို အမေရိကန်က ၃၀ ရာခိုင်နှုန်း ဆက်လက် အခွန် ကောက်ယူသွားမည် ဖြစ်သည်။