အီရန်ကကူဝိတ်နှင့် ဘာရိန်းရှိ အမေရိကန် စစ်စခန်းများကို ပြန်တိုက်၊ ရေနံဈေး ပြန်တက် 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၉ ရက်။ 

အမေရိကန်၏ တကျော့ပြန် တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့က ကူဝိတ်နှင့် ဘာရိန်းနိုင်ငံတို့တွင် အခြေစိုက်ထားသော အမေရိကန်စစ်စခန်းများကို ဒုံးကျည်များဖြင့် ပြန်လည်တိုက်ခိုက်ခဲ့သည်။ 

ထို့ပြင် အမေရိကန်ဘက်က ထပ်မံတိုက်ခိုက်လာပါက ပါရှန်ကွေ့ဒေသတွင်းရှိ အခြားအမေရိကန်စစ်စခန်းများကိုပါ ထပ်မံတိုက်ခိုက်သွားမည်ဟု အီရန်ဘက်က ခြိမ်းခြောက်ထားသည်။

ဟော်မုဇ်ရေလက်ကြားအတွင်း သွားလာနေသည့် ကုန်တင်သင်္ဘော ၃ စီးကို အီရန်ဘက်က တိုက်ခိုက်ခဲ့ပြီးနောက်၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် ရရှိထားသည့် ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပျက်ပြယ်သွားပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ 

ထို့နောက် အမေရိကန်သည် အီရန်ကမ်းရိုးတန်းတစ်လျှောက်ရှိ လေကြောင်းရန်ကာကွယ်ရေးစနစ်၊ ဒုံးကျည်နှင့် ဒရုန်းသိုလှောင်ရုံများအပါအဝင် စစ်ရေးပစ်မှတ်ပေါင်း ၉၀ ခန့်ကို ဒုတိယလှိုင်းအဖြစ် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့သည်။

အမေရိကန်နှင့် အီရန်ကြား စစ်မီးတစ်ကျော့ပြန် တောက်လောင်လာမှုကြောင့် ကမ္ဘာ့ရေနံစိမ်းဈေးကွက်တွင် ဘရန့် (Brent) ရေနံစိမ်းဈေးနှုန်းသည် ၅ ဒသမ ၂ ရာခိုင်နှုန်းအထိ မြင့်တက်ကာ တစ်ပီပါလျှင် အမေရိကန်ဒေါ်လာ ၈၀ အထိ ရောက်ရှိခဲ့သည်။ 

တစ်ချိန်တည်းမှာပင် အမေရိကန် နယူးယောက်စတော့ရှယ်ယာဈေးကွက်၌ အမေရိကန် စတော့ရှယ်ယာများဖြစ်သော S&P 500 အညွှန်းကိန်းသည် ၁ ဒသမ ၁ ရာခိုင်နှုန်းအထိ ထိုးကျသွားခဲ့ပြီး၊ ဒေါဂျုန်းစ် (Dow Jones) အညွှန်းကိန်းသည်လည်း ၅၇၆ မှတ်အထိ ကျဆင်းသွားခဲ့သည်။