နှစ်ပေါင်း ၅၀ ကျော်အတွင်း လကမ္ဘာကို ပထမဆုံး လူသွားမည့် ဒုံးပျံကို စမ်းသပ် 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်။ 

နှစ်ပေါင်း ၅၀ ကျော်အတွင်း လကမ္ဘာကို လူသားတွေ ပထမဆုံးအကြိမ် ထပ်မံ သွားရောက်မယ့် အာကာသ ခရီးစဉ် အတွက် ဂြိုလ်တု လွှတ်တင်မယ့် ဒုံးပျံကြီးကို ဒီကနေ့မှာ အေးခဲနေတဲ့ ရာသီဥတု ကြားမှာ စမ်းသပ်နေပါတယ်။ 

၁၉၆၉-၇၂ ခုနှစ်တွေမှာ အပိုလို ဂြိုလ်တု စီမံကိန်းတွေနဲ့ စုစုပေါင်း ကမ္ဘာလူသား ၁၂ ယောက် လပေါ်ကို ခြေချနိုင်ခဲ့ပါတယ်။ အဲဒီတုန်းက ခရီးစဉ်ကတော့ အမေရိကန်နဲ့ ဆိုဗီယက် ယူနီယမ် ဘယ်သူက လပေါ်ကို အရင်ခြေချမလဲ ဆိုတာ ပြိုင်ဆိုင်ခဲ့ကြတာပါ။ 

၁၉၇၂ ခုနှစ်က စလို့ လကို လူသွားတဲ့ ခရီးစဉ်တွေ မရှိခဲ့တော့ပါဘူး။ အခု Artemis ဆိုတဲ့ စီမံကိန်းမှာမှ လကို လူတွေ ထပ်သွားဖို့ စီစဉ်လာတာ ဖြစ်ပါတယ်။ 

သွားတဲ့ ရည်ရွယ်ချက်ကတော့ အရင်လို ခြေချပြီး ပြန်လာရုံ မဟုတ်တော့ပါဘူး။ Artemis 1, 2, 3 ဆိုပြီး နံပါတ် ၂ ခရီးစဉ်မှာ လူ ၄ ယောက်လိုက်ပါပြီး လကို ပတ်ပြီး လေ့လာပါမယ်။ Artemia 3 မှာတော့ လကမ္ဘာမှ အခြေစိုက် စခန်း ဖွင့်ပြီး လရဲ့ တောင်ဝန်ရိုးစွန်းမှာ ရှိတဲ့ ရေခဲတွေကနေ အောက်ဆီဂျင်နဲ့ လောင်စာ ထုတ်ယူဖို့ ကြိုးစားမှာပါ။ 

ဒုတိယ ရည်ရွယ်ချက်ကတော့ လကမ္ဘာမှာ နေထိုင်သွားလာမှုကို လေ့ကျင့်ပြီး အင်္ဂါဂြိုလ်ကို သွားမှာ ဖြစ်ပါတယ်။ ကြား စခန်းလည်းဟုတ် လေ့ကျင့်ရေး စခန်းလည်းဟုတ်တဲ့ အာကာသ အခြေစိုက် စခန်းတစ်ခု တည်ဆောက်ဖို့ ဖြစ်ပါတယ်။ 

တတိယ ရည်ရွယ်ချက်ကတော့ လကမ္ဘာမှာရှိနေတဲ့ ရှားပါး သတ္တုတွေကို စီးပွားဖြစ် ထုတ်ယူဖို့ ဖြစ်ပါတယ်။ 

ဒီကနေ့ Artemis 2 လွှတ်တင်ဖို့အတွက် NASA ဟာ အမြင့်ပေ ၃၂၂ ပေရှိတဲ့ SLS (Space Launch System) ရော့ကတ်ကြီးထဲကို အလွန်အေးခဲတဲ့ အရည်ကြည်အောက်ဆီဂျင်နဲ့ ဟိုက်ဒရိုဂျင် လောင်စာဂါလံပေါင်း ၇၅၀,၀၀၀ ကျော် ဖြည့်တင်းတဲ့ စမ်းသပ်မှုလုပ်ဆောင်နေတာပါ။ 

ဒီလုပ်ဆောင်ချက်အောင်မြင်ခဲ့မယ် ဆိုရင်တော့ ဖေဖော်ဝါရီလ ၈ ရက် ဒါမှမဟုတ် အဲဒီနောက်ပိုင်းမှာ Artemis 2 ဂြိုလ်တုကို လွှတ်တင်မှာ ဖြစ်ပါတယ်။ 

အပိုလို စီမံကိန်းတုန်းက အမေရိကန်နိုင်ငံသား လူဖြူတွေသာ ပါဝင်ခဲ့ပေမယ့် ဒီတခါ Artemis စီမံကိန်းမှာတော့ တခြား အသားအရောင်ရှိသူတွေ အမျိုးသမီးတွေလည်း ပါဝင်လာမှာ ဖြစ်ပါတယ်။