ယခုနှစ် Cobra Gold တွင် ကြည်း၊ ရေ၊ လေ အပြင် အာကာသနှင့် Cyber စစ်ရေး လေ့ကျင့်ခန်းများ ပါဝင်မည်။မြန်မာနိုင်ငံကို ဖိတ်ကြားခြင်း မရှိ။
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၂၂ ရက်။
ယခု နှစ် ပြုလုပ်မည့် အမေရိကန် နှင့် ထိုင်းက ဦးဆောင်မည့် ကြည်း၊ ရေ၊ လေ၊ အာကာသ နှင့် Cyber နယ်ပယ်များ ပါဝင်မည့် ၄၅ ကြိမ်မြောက် အကြီးစား ကော်ဘရာ ဂိုး (Cobra Gold) စစ်ရေး လေ့ကျင့်မှုတွင် နိုင်ငံပေါင်း ၃၀ ပါဝင်မည်ဟု သတင်းထုတ်ပြန်သည်။
နိုင်ငံပေါင်း ၃၀ မှ စစ်ဘက်ဆိုင်ရာ ဝန်ထမ်း ၈၀၀၀ ကျော် ပါဝင်မည့် အကြီးစား စစ်လေ့ကျင့်ရေးကို ဖေဖော်ဝါရီ ၂၄ ရက်မှ မတ်လ ၆ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်သည်။
လေ့ကျင့်ရေးတွင် ပင်တိုင် လေ့ကျင့်ရေး အဖွဲ့ဝင်နိုင်ငံ ၇ နိုင်ငံ အဖြစ် ထိုင်း၊ အမေရိကန်၊ စင်ကာပူ၊ အင်ဒိုနီးရှားဦ၊ ဂျပန်၊ တောင်ကိုရီးယား နှင့် မလေးရှားနိုင်ငံတို့ ပါဝင်မည်ဖြစ်သည်။
အဓိက လုပ်ဆောင်မည့် လေ့ကျင့်ခန်းများတွင် ကွပ်ကဲမှု နှင့် ထိန်းချုပ်ရေး ဆိုင်ရာ လေ့ကျင့်ခန်းများ၊ လူသားချင်း စာနာထောက်ထားမှုနှင့် သဘာဝ ဘေးအန္တရာယ် ကယ်ဆယ်ရေး လုပ်ငန်းများ၊ ကုန်း ရေ နှစ်သွယ် စစ်ဆင်ရေး (Amphibious Landings)များ၊ စစ်မြေပြင် လက်တွေ့ပစ်ခတ်မှုများ၊ ဒရုန်းရန် ကာကွယ်ရေး၊ ဒုံးကျည်ရန် ကာကွယ်ရေးနှင့် အချက်ပြ ထောက်လှမ်းရေး (Signal Intelligence) သင်တန်းများ ပါဝင်မည်ဟု ဆိုသည်။
အပိုဆောင်း လေ့ကျင့်ရေးတွင် တရုတ်၊ အိန္ဒိယ နှင့် ဩစတေးလျ နိုင်ငံတို့ ပါဝင်မည်ဖြစ်သည်။
နောက် ထပ် ၁၀ နိုင်ငံဖြစ်သည့် ဘင်္ဂလားဒေ့ရှ်၊ ကနေဒါ၊ ဖီဂျီ၊ ပြင်သစ်၊ ဗြိတိန်၊ အီတလီ၊ မွန်ဂိုလီးယား၊ နီပေါ၊ နယူးဇီလန် နှင့် ဖိလစ်ပိုင် နိုင်ငံတို့က စီမံကိန်း ရေးဆွဲရေး အဖွဲ့ MPAT တွင် ပါဝင်ကြမည် ဖြစ်သည်။
ကျန် ၁၀ နိုင်ငံ ဖြစ်သည့် ဘရူနိုင်း၊ ဂျာမနီ၊ ဂျော်ဒန်၊ လာအို၊ နယ်သာလန်၊ ပါကစ္စတန်၊ ဆော်ဒီအာရေးဗီးယား၊ တီမောလက်စ်တေ နှင့် ဗီယက်နမ်တို့မှာ လေ့လာသူများအဖြစ် ပါဝင်ကြမည်ဖြစ်သည်။
Cobra Gold စစ်လေ့ကျင့်ခန်းများ မှာ အရှေ့တောင် အာရှတွင် ပြုလုပ်သော သက်တမ်း အရှည်ကြာဆုံး စစ်လေ့ကျင့်ခန်းများ ဖြစ်သည်။
ယခင်က မြန်မာစစ်တပ်ကို အဓိက အိမ်ရှင်ဖြစ်တဲ့ ထိုင်းနဲ့ အမေရိကန် တို့က လေ့လာသူ အဖြစ် ဖိတ်ကြား ခဲ့သည်။
၂၀၁၃ ခုနှစ်က စတင်၍ မြန်မာနိုင်ငံကို လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာနှင့် သဘာဝ ဘေးအန္တရာယ် ကယ်ဆယ်ရေး လေ့ကျင့်ခန်းများတွင် လေ့လာသူအဖြစ် အမေရိကန်နှင့် ထိုင်းတို့က ဖိတ်ကြားခဲ့သည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းမှု အပြီးတွင် အမေရိကန် ပြည်ထောင်စုက မြန်မာစစ်တပ်နှင့် စစ်ဘက်ဆိုင်ရာ ဆက်ဆံရေး ဖြတ်တောက်လိုက်ပြီးနောက်ပိုင်းမှ စ၍ Cobra Gold စစ်လေ့ကျင့်ခန်းများတွင် မြန်မာနိုင်ငံကို မဖိတ်ကြားတော့ ခြင်း ဖြစ်သည်။