ရတနာသိင်္ခတံတား ပျက်စီးပြီးနောက် စဉ့်ကူးမြို့နယ်၌ စစ်ရေးတင်းမာမှု အမြင့်ဆုံးရောက်ရှိ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်။
စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းကို ဆက်သွယ်ထားသည့် ဧရာဝတီမြစ်ကူး ရတနာသိင်္ခတံတား ကျိုးကျ ပျက်စီး သွားပြီးနောက် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသော နယ်မြေနှစ်ခုကြား လုံခြုံရေး အခြေ အနေမှာ အကြီးအကျယ် တင်းမာနေကြောင်း ဒေသခံများက ပြောသည်။
ပေနှစ်ထောင့်လေးရာကျော် ရှည်လျားသည့် ယင်းတံတားသည် အောက်တိုဘာလ ၂၈ ရက်နေ့၊ ည ၁၁ နာရီ အချိန်ခန့်တွင် မိုင်းခွဲခံရပြီး ကျိုးကျသွားခဲ့သည် ဟု ဒေသခံများနှင့် စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
တံတားပျက်စီးမှု ဖြစ်ပြီးနောက် စဉ့်ကူးမြို့နယ်ဘက်ကို စစ်ကော်မရှင်တပ်က တစ်နေ့လုံးနီးပါး လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ဒေသခံတစ်ဦးက“ဂျက်လေယာဉ်တွေဟာ ဆက်တိုက်တက်ပြီး ဗုံးငါးကြိမ်လောက်အထိ ကြဲချခဲ့တယ်” ဟု ပြော သည်။
လက်ရှိတွင် တံတား၏ တစ်ဖက်ဖြစ်သော ကျောက်မြောင်းဘက်ခြမ်းကို စစ်တပ်က ထိန်းချုပ်ထားပြီး၊ စဉ့်ကူးမြို့နယ်ကိုမူ MDY-PDF က သိမ်းပိုက်စိုးမိုးထားရာ စစ်ရေးတင်းမာမှု အမြင့်ဆုံးရောက်ရှိနေခြင်း ဖြစ်သည်။
စစ်တပ်ထောက်ခံသူများက တော်လှန်ရေးတပ်ဖွဲ့များကို စွပ်စွဲနေချိန်တွင်၊ ဒေသခံအချို့က တံတားကျိုးကျမှုမှာ စစ်ကော်မရှင်တပ်၏ လက်နက်ကြီးနှင့် ဒရုန်းပစ်ခတ်မှုများနောက် ဖြစ်ပေါ်ခဲ့သည်ဟု ပြန်လည် စွပ်စွဲနေကြ သည်။
ထို့အပြင် စစ်တပ်သည် စဉ့်ကူးမြို့နယ်ထဲသို့ စစ်ကြောင်းထိုးရန် ပြင်ဆင်နေသောကြောင့် ဇရပ်ကွင်းရွာမှ ဒေသခံ များ တိမ်းရှောင်နေရကြောင်း သိရသည်။