TNLA ဆုတ်ခွာပါက မန္တလေးဒေသ ထိန်းချုပ်နယ်မြေများကို MDY-PDF ဆက်လက်ကာကွယ်မည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်။
MDY – PDF က လက်ရှိ ထိန်းချုပ်ထားသည့် နယ်မြေများကို ဆက်လက် ကာကွယ်ထိန်းသိမ်းရန် အတွက် မိတ်ဖက်တော်လှန်ရေး အင်အားစုများနှင့် လက်တွဲပြီး အစွမ်းကုန် ကြိုးပမ်းသွားမည်ဟု အောက်တိုဘာလ ၂၉ ရက်နေ့က ထုတ်ပြန်သည်။
တအာင်းတပ်မတော် (TNLA) က စစ်ကော်မရှင်တပ်နှင့် ကိုးကြိမ်မြောက် တွေ့ဆုံဆွေးနွေးမှုအပြီး အပစ်အခတ် ရပ်စဲရေးအတွက် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
ဤသဘောတူညီချက်အရ TNLA တပ်ဖွဲ့များသည် ၎င်းတို့ ထိန်းချုပ်သိမ်းပိုက်ထားသည့် မိုးကုတ် နှင့် မိုးမိတ် မြို့နယ်များမှ သတ်မှတ်ကာလအတွင်း ပြန်လည်ဆုတ်ခွာပေးရမည် ဖြစ်သည်။
MDY-PDF က ၎င်းတို့၏ ထုတ်ပြန်ချက်တွင် လက်ရှိ ထိန်းချုပ်ထားသည့် နယ်မြေများဖြစ်သော မန္တလေးတိုင်းမှ သပိတ်ကျင်း နှင့် စဉ့်ကူး မြို့နယ်များအား ဆက်လက်ကာကွယ်ရန် မိတ်ဖက်တော်လှန်ရေး အင်အားစုများနှင့် လက်တွဲပြီး အစွမ်းကုန် ကြိုးပမ်းသွားမည် ဟု အလေးထား ဖော်ပြခဲ့သည်။
MDY-PDF သည် ရှမ်းမြောက်စစ်ဆင်ရေးကာလအတွင်း နယ်မြေများ သိမ်းပိုက်နိုင်ခဲ့ပြီး လက်ရှိတွင် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) နှင့်အတူ အုပ်ချုပ်ရေးလုပ်ငန်းများပါ ဖော်ဆောင်နေသည်။
MDY-PDF ၏ ထုတ်ပြန်ချက်တွင်“ဘယ်လို ကြီးမားတဲ့ အခက်အခဲတွေပဲရှိပါစေ၊ ဖက်ဒရယ် ဒီမိုကရေစီ ရရှိရေးနဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းရေး ဆိုတဲ့ ဘုံရည်မှန်းချက် တိုက်ပွဲတွေကို ဆက်လက် ဆင်နွှဲသွား မယ်” ဟု ပြည်သူလူထုကို ကတိပြု အသိပေးထားသည်။