ရွှေဘို အနောက်ခြမ်း ဗုံးကြဲမှု ဆရာတော်တစ်ပါးနှင့် အမျိုးသမီး တစ်ဦးသေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၈ ရက်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းရှိ စစ်ရှောင်စာသင်ကျောင်းကို စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ရာ ဆရာတော်တစ်ပါးနှင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။
ရွှေဘိုတွင် စစ်ဘေးရှောင်ကလေးငယ်များ ပညာသင်ကြားနေသည့် ဘုန်းတော်ကြီးကျောင်းနှင့် စစ်ရှောင်စခန်းကို စစ်ကော်မရှင်က လေကြောင်းမှ ပစ်မှတ်ထား တိုက်ခိုက်ခဲ့သဖြင့် ဆရာတော်တစ်ပါး ပျံလွန်တော်မူပြီး အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။
ရွှေဘိုမြို့နယ်၊ ဆင်အင်းကျေးရွာရှိ စစ်ရှောင်စာသင်ကျောင်းနေရာသို့ စစ်ကော်မရှင်က ဧပြီလ ၆ ရက်နေ့၊ နံနက်ပိုင်းတွင် ဂျက်ဖိုက်တာ တိုက်လေယာဉ်နှစ်စီးဖြင့် ခြောက်ကြိမ်ထက်မနည်း လာရောက် ဗုံးကြဲခဲ့ခြင်း ဖြစ်သည်။
ထိုသို့ ဗုံးကြဲချိန်တွင် တိုက်ပွဲဖြစ်ပွားနေခြင်းမျိုး မရှိဘဲ စစ်ရှောင်စခန်းကိုသာ တမင်ပစ်မှတ်ထားခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
မြေပြင်သတင်းရင်းမြစ်က “ကလေးတွေ စာသင်နေတဲ့ ဘုန်းကြီးကျောင်းကို ဂျက်ဖိုက်တာနှစ်စီးနဲ့ တစ်လှည့်စီ ပတ်ပြီး ဗုံးကြဲသွားတာဗျ။ ဗုံးကြဲရုံတင်မကဘူး၊ စက်သေနတ်တွေနဲ့ပါ ဝဲပြီး ပစ်သေးတာ။ ကျောင်းထဲက ဆရာတော်ကတော့ နေရာတင် ပျံလွန်တော်မူတယ်။ ဒကာမကြီးတစ်ယောက်လည်း ခြေထောက်ပြတ်ပြီး အဲ့ဒီ ဒဏ်ရာနဲ့ပဲ သေသွားရရှာတယ်” ဟု ပြောသည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် ကျောင်း၌ သတင်းသုံးနေသည့် သက်တော် (၅၀) ကျော်အရွယ် ဆရာတော်မှာ နေရာ၌ပင် ပျံလွန်တော်မူခဲ့ပြီး၊ အသက် (၆၀) ခန့်ရှိ အမျိုးသမီးကြီးတစ်ဦးမှာလည်း ခြေထောက်ပြတ်တောက် သည့် ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။
ထို့အပြင် အခြားစစ်ဘေးရှောင် ၃ ဦးလည်း ဒဏ်ရာအပြင်းအထန် ရရှိထားသဖြင့် အရေးပေါ် ဆေးကုသမှု ခံယူနေရသည်။
ဒေသခံတစ်ဦးကလည်း “ကျနော်တို့မှာ ဘာတိုက်ပွဲမှလည်း မရှိဘဲနဲ့ လေယာဉ် ဗုံးဒဏ်ကို ခံလိုက်ရတာ။ ကျောင်းဆောင်တွေလည်း မြေစာပုံဖြစ်ကုန်ပြီ။ ကလေးတွေ ပညာသင်နေတဲ့ နေရာတွေကိုမှ ပစ်မှတ်ထား တာကတော့ လူမဆန်တဲ့ လုပ်ရပ်လို့ပဲ ပြောရမှာပဲဗျ” ဟု ပြောသည်။
စစ်ကော်မရှင်၏ စက်သေနတ်ဖြင့် ပစ်ခတ်မှုနှင့် ဗုံးဒဏ်ကြောင့် စာသင်ကျောင်းဆောင်နှင့် ဘုန်းကြီးကျောင်း အတွင်းရှိ အဆောက်အအုံများစွာ ပြိုကျပျက်စီးခဲ့ရသည်။
ဆင်အင်းကျေးရွာသည် ဧပြီလ ၃ ရက်နေ့ကလည်း လေကြောင်းတိုက်ခိုက်မှု ခံခဲ့ရသဖြင့် လူ ၇ ဦး ဒဏ်ရာရ ရှိခဲ့ဖူးပြီး ယခုအခါ အရပ်သားသေဆုံးမှုပါ ရှိလာခြင်း ဖြစ်သည်။
လက်ရှိတွင် ရွှေဘိုမြို့နယ် အနောက်ခြမ်းရှိ ကျေးရွာများမှာ စစ်ကော်မရှင်၏ လေကြောင်းရန်ကို အမြဲတစေ စိုးရိမ်နေကြရပြီး၊ စစ်ရှောင်များမှာလည်း ဘေးလွတ်ရာသို့ ထပ်မံ တိမ်းရှောင်နေကြရသည်။