ဝါဒဖြန့်ဇာတ်ကား ဝေဖန်မှုကြောင့် ဒါရိုက်တာမိုက်တီးအပါအဝင် အနုပညာရှင် (၃) ဦး ဖမ်းဆီးခံရ

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်။

စစ်ကော်မရှင်၏ ရွေးကောက်ပွဲဆိုင်ရာ ဝါဒဖြန့်ဇာတ်လမ်းတိုကို ဝေဖန်ခဲ့သည်ဟု စွပ်စွဲချက်ဖြင့် ဒါရိုက်တာ မိုက်တီး၊ သရုပ်ဆောင် ကျော်ဝင်းထွဋ် နှင့် အုန်းဒိုင်း တို့ သုံးဦးကို ဖမ်းဆီးလိုက်ကြောင်း စစ်ကော်မရှင်က အောက်တိုဘာလ ၂၉ ရက်နေ့ ညနေပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

ဖမ်းဆီးခံရသူများသည် မြဝတီရုပ်သံမှ ထုတ်လွှင့်သည့် “ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ” ဇာတ်လမ်းတိုနှင့် ယင်းဇာတ်ကားတွင် ပါဝင်သူများကို လူမှုကွန်ရက်ပေါ်၌ ဝေဖန်တိုက်ခိုက်ခဲ့သည်ဟု စစ်ကော်မရှင်က စွပ်စွဲကာ ရွေးကောက်ပွဲ ကာကွယ်တားဆီးရေး ဥပဒေ ဖြင့် အရေးယူမည်ဟု ဆိုသည်။ 

ဤဇာတ်လမ်းတိုတွင် အကယ်ဒမီ နေတိုး၊ မြင့်မြတ်၊ မေမြင့်မိုရ် စသည့် ထိပ်တန်းအနုပညာရှင်များ ပါဝင်ထားပြီး တော်လှန်ရေး အင်အားစုများကို စော်ကားသည့် ဇာတ်ဝင်ခန်းများ ပါဝင်သည်ဟုဆိုကာ ဝေဖန်မှု မြင့်တက်နေ သည်။

ဒါရိုက်တာမိုက်တီးမှာ ယခင်က ၅၀၅-က ဖြင့် ထောင်ဒဏ်ကျခံခဲ့ရဖူးပြီး ခံဝန်ဖြင့် လွတ်ငြိမ်းခဲ့သူဖြစ်ရာ လက်ရှိပြစ်မှုအပြင် ကျန်ရှိသည့် ပြစ်ဒဏ်ကိုပါ ထပ်မံကျခံရမည် ဟု စစ်ကော်မရှင်က ထုတ်ပြန်ထားသည်။ 

သို့သော် ဖမ်းဆီးခံရသူများ၏ လူမှုကွန်ရက် စာမျက်နှာများကို စိစစ်ရာ၌ ရွေးကောက်ပွဲကို ဟန့်တားသော အရေးအသားမျိုး မတွေ့ရဘဲ၊ ဇာတ်ကားပါ သရုပ်ဆောင်များကိုသာ ဝေဖန်သည့် သဘောမျိုးသာ တွေ့ရသည်။

ပြည်သူတစ်ဦးက လူမှုကွန်ရက်ပေါ်တွင်အာဏာရှင်ပါးစပ်က ထွက်တဲ့ ဒီမိုကရေစီဆိုတာဒါပဲ။ မှန်တာ ပြောရင်ဖမ်းမယ်။ တပ်ကပြည်သူကို အကြောက်တရား သွင်းနေတာ ဟု ပြင်းပြင်းထန်ထန် ဝေဖန်မှတ် ချက်ပြုခဲ့သည်။

ယခုကဲ့သို့ အနုပညာရှင်များကို ဖမ်းဆီး အရေးယူခြင်းမှာ မှန်ကန်မှုကို ဝေဖန်ခွင့်မရှိသည့် အာဏာရှင်တို့၏ လုပ်ရပ် ဖြစ်သည်ဟု ပြည်သူများက လူမှုကွန်ရက်ပေါ်၌ ပြင်းပြင်းထန်ထန် ဝေဖန်မှတ်ချက်ပြုထားကြသည်။