ရန်ကုန်လေဆိပ် ညပိုင်း ပျံသန်းပြေးဆွဲခွင့် နှစ်လကြာ ယာယီပိတ်

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် (YIA) ၏ လေယာဉ်ပြေးလမ်းကြောင်း ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ် နေခြင်းကြောင့် လေဆိပ်ကို ည ၁၂ နာရီမှ နံနက် ၆ နာရီအထိ ယာယီပိတ်ထားမည် ဖြစ်ကြောင်း လေယာဉ် လက်မှတ် အရောင်းဌာနများထံမှ သိရသည်။

ညပိုင်းပျံသန်းခွင့် ပိတ်ထားခြင်းကို အောက်တိုဘာလ ၂၉ ရက်နေ့ ညပိုင်းမှစတင်၍ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ စုစုပေါင်း နှစ်လအကြာ ယာယီပိတ်ထားမည်ဖြစ်သည်။ 

ဤယာယီပိတ်ထားမှုကြောင့် လေကြောင်းလိုင်းများအနေဖြင့် ညဘက် ပြေးဆွဲရန် စီစဉ်ထားသည့် ခရီးစဉ်များကို အချိန်ပြောင်းလဲပြီး ပြေးဆွဲပေးရန် စီစဉ်လျက်ရှိသည်။ 

လေယာဉ်လက်မှတ် အရောင်းဌာနများက ညပိုင်းခရီးစဉ် လက်မှတ်ဖြတ်ထားသူများအတွက် သတိပေးပြော ဆိုမှုများ ပြုလုပ်ခဲ့သည်။

လေယာဉ်လက်မှတ် အရောင်းဌာန တာဝန်ရှိသူတစ်ဦးကညပိုင်း ခရီးစဉ်တွေအတွက် လက်မှတ်ဖြတ်ထား သူတွေ အနေနဲ့ ကိုယ့်ခရီးစဉ်ရဲ့ အချိန် အပြောင်းအလဲတွေကို လေကြောင်းလိုင်း ဒါမှမဟုတ် လက်မှတ်ဝယ် ယူထားတဲ့ အေဂျင်စီတွေဆီကို သေချာ စုံစမ်းမေးမြန်းပြီး တခြား လိုအပ်တဲ့ စီစဉ်မှုတွေကို လုပ်ထားကြဖို့ လိုပါတယ် ဟု တိုက်တွန်းပြောကြားခဲ့သည်။

လက်ရှိတွင် ဤအစီအစဉ်သည် ပြည်ပခရီးစဉ်များ အပေါ်သာ အဓိက သက်ရောက်မှုရှိမည် ဖြစ်ပြီး၊ ပြည်တွင်း လေကြောင်း ခရီးစဉ်များမှာ ညဘက် ပျံသန်းမှု မရှိကြောင်းလည်း သိရသည်။