ချင်းမိုင် အဆင့်မြင့်အိမ်ရာ၌ အွန်လိုင်းငွေလိမ်ဂိုဏ်းဝင် တရုတ်နိုင်ငံသား ၂၀ ဦး ဖမ်းမိ

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်။

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်ရှိ အဆင့်မြင့်အိမ်ရာ၌ အွန်လိုင်းငွေလိမ်ဂိုဏ်းဝင် တရုတ်နိုင်ငံသား ၂၀ ဦး ကို ဖမ်းမိခဲ့သည်ဟု ဘန်ကောက်ပို့စ်အပါအဝင် ထိုင်းသတင်းများတွင် ဖော်ပြထားသည်။

ချင်းမိုင်ပြည်နယ်၊ မဲ့ရင်ခရိုင်ရှိ အဆင့်မြင့်အိမ်ရာ တစ်ခုကို ယနေ့ အောက်တိုဘာလ ၃၀ ရက်နေ့တွင် ထိုင်း အာဏာပိုင်များက ဝင်ရောက်စီးနင်းခဲ့ရာ အွန်လိုင်း ငွေလိမ်ဂိုဏ်းဝင် တရုတ်နိုင်ငံသား ၂၀ ဦး ကို ဖမ်းဆီးရမိခဲ့ ခြင်း ဖြစ်သည်။

ဖမ်းဆီးခံရသူများတွင် အမျိုးသား ၁၄ ဦးနှင့် အမျိုးသမီး ၆ ဦး ပါဝင်ပြီး၊ အမျိုးသမီးတစ်ဦးမှာ ထွက် ပြေးရန် ကြိုးပမ်းရင်း မြေပြင်သို့ ခုန်ချခဲ့ရာ ခြေထောက်ကျိုးသွားသဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည် ဟု သိရသည်။ 

၎င်းတို့သည် တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားသည့် အသက်အာမခံ ကမ်းလှမ်းခြင်းနှင့် မပို့ဖြစ် သည့် ပစ္စည်းများအတွက် ငွေတောင်းခံခြင်း စသည့် လိမ်လည်မှုများ လုပ်ဆောင်နေသည်ဟု ဆိုသည်။

ဖမ်းဆီးခံရသည့် နေရာသည် တစ်လလျှင် ဘတ်ငွေ ၁၂၀,၀၀၀ ဖြင့် ငှားရမ်းထားသော ဇိမ်ခံအိမ်ရာ ဖြစ်ပြီး၊ ၎င်းတို့သည် လွန်ခဲ့သော နှစ်လခန့်ကမှ ပြောင်းရွှေ့လာခဲ့ခြင်း ဖြစ်သည်ဟု ထိုင်းသတင်းများ တွင် ဖော်ပြသည်။

ဤဂိုဏ်းခေါင်းဆောင်က အဆိုပါ ဂိုဏ်းဝင်များကို တစ်လလျှင် ဘတ်ငွေ ၁ သိန်း အထိ လစာပေး ကြောင်း စုံစမ်းသိရှိရသည်။ 

ဖမ်းဆီးခံရသူများအနက် အချို့မှာ ချင်းမိုင်တက္ကသိုလ်များမှ ကျောင်းသားဗီဇာဖြင့် နေထိုင်သူများ ဖြစ်ပြီး၊ အချို့မှာ ခရီးသွားဗီဇာဖြင့် ဝင်ရောက်ခဲ့သူများဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

ယခုစီးနင်းမှုအတွင်း မိုဘိုင်းလ်ဖုန်း အလုံး ၁၀၀ ခန့်၊ တရုတ်ဖုန်း ဆင်းမ်ကတ်များ၊ နည်းပညာ ပစ္စည်းများနှင့် ရဲများလာရောက်မှုကို စောင့်ကြည့်ရန် တပ်ဆင်ထားသည့် လုံခြုံရေးကင်မရာများကိုပါ သိမ်းဆည်းရမိခဲ့သည်။ 

စီးနင်းမှုအတွင်း သံသယရှိသူ ၁၀ ဦးခန့် ထွက်ပြေးလွတ်မြောက်သွားရာ ၎င်းတို့ကို ဆက်လက်ခြေရာခံ နေကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

ဒေသဆိုင်ရာ ရဲတပ်ဖွဲ့၏ ကိုးကားချက်အရယခုဖမ်းဆီးရမိသူများသည် ဇူလိုင်လက ဟန်ဒုံးနှင့် မဲ့ရင် တို့တွင် နှစ်ကြိမ်တိုင်တိုင် စီးနင်းခံခဲ့ရသည့် ဂိုဏ်းတစ်ခုအတွက် အလုပ်လုပ်ကြောင်း ပြောသည်ဟု သိရသည်။