ကသာတွင် ကလပ်စတာဗုံးများ ကြဲချ၊ အမျိုးသမီးနဲ့ ကလေးငယ် အပါအဝင် ၅ ဦး သေဆုံး
သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ညောင်ခြေထောက်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရပြီး အမျိုးသမီးနှင့် ကလေးငယ် အပါအဝင် (၅) ဦး သေဆုံးခဲ့သည်။
ညောင်ခြေထောက်ကျေးရွာကို စစ်ကော်မရှင်တပ်က အောက်တိုဘာလနေ ၂၉ ရက်နေ့၊ ညပိုင်းတွင် လေကြောင်း ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ လေကြောင်း တိုက်ခိုက်ခံရမှုထဲ အသက် ၁၀ နှစ်အရွယ် ကလေးငယ်နှင့် အမျိုးသမီးများ အပါအဝင် အရပ်သား (၅) ဦး သေဆုံးခဲ့ရပြီး (၈) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည် ဟု ကသာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က သတင်းထုတ်ပြန်သည်။
ညောင်ခြေထောက်ကျေးရွာကို အောက်တိုဘာလ ၂၉ ရက်နေ့ ည ၁၀ နာရီမှ ၁၁ နာရီကြားတွင် ဂျက်တိုက် လေယာဉ်ဖြင့် ကလပ်စတာဗုံးသီးများကို သုံးကြိမ်တိုင်တိုင် ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက အတည်ပြုပြောသည်။
ဒေသခံများ၏ ပြောဆိုချက်အရ စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာဖြင့် ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည့် ဗုံးများ သည် နိုင်ငံတကာမှ ပိတ်ပင်ထားသော ကလပ်စတာဗုံးသီးများ ဖြစ်ကြသည်။
ညောင်ခြေထောက်ရွာအနီး နေထိုင်သူ ဒေသခံတစ်ဦးက “ဘုန်းကြီးကျောင်းက ဓမ္မာရုံကနဲ့ ဘေးကအိမ်တွေက လည်း တော်တော်လေး ပျက်ဆီးသွားတယ်။ ကျွင်းကြီးဖြစ်နေခဲ့တာ။ ချတာကလည်း ရွာထဲကိုချတာ။ ကလပ်စတာဗုံးဆိုတော့ နောက်ဆင့်ကွဲဟာတွေက ရေထဲတွေကျတာ။ ရေထဲကျလို့ သက်သာတာ။ မဟုတ်ရင် တစ်ရွာလုံးက မလွယ်ဘူး” ဟု ပြောသည်။
သေဆုံးသူများမှာ မောင်သက်ဖြိုးဦး (အသက် ၁၀ နှစ်)၊ ဦးကျော်ထွန်း (အသက် ၇၂ နှစ်)၊ ဒေါ်ရီ (အသက် ၆၄ နှစ်)၊ ဒေါ်သိန်းသိန်းနု (အသက် ၅၈ နှစ်) နှင့် ဒေါ်စန်းဌေး (အသက် ၄၂ နှစ်) တို့ဖြစ်ကြပြီး၊ ဒဏ်ရာရသူများတွင် အသက် ၉၀ ကျော်အရွယ် အဘွားအို ဒေါ်ရွှေမှတ် အပါအဝင် ၇ ဦးမှာ စိုးရိမ်ရသည့် ဒဏ်ရာများ ရရှိထားသည်ဟု ဆိုသည်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် ညောင်ခြေထောက်ကျေးရွာရှိ ဘုန်းကြီးကျောင်းဝန်းရှိ ဓမ္မာရုံ၊ ဂရုဏာ ပရဟိတကား အပါအဝင် နေအိမ်နှင့် အဆောက်အအုံ စုစုပေါင်း ၁၄ လုံး ပျက်စီးခဲ့သည် ဟု ကသာ ပအဖ အဖွဲ့ဝင်တစ်ဦးက ပြောသည်။
အထူးသဖြင့် ကသာမြို့နယ်အတွင်း ယခုရက်ပိုင်းတွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးအင်အားစုများ အကြား ထိတွေ့တိုက်ပွဲတစ်စုံတစ်ရာ ဖြစ်ပွားနေခြင်းမရှိကြောင်း ဒေသခံများက အတည်ပြုသည်။
ဒေသခံတစ်ဦးက “ကသာမှာက အေးဆေးပါပဲဗျာ။ တိုက်ပွဲက လုံးဝမရှိဘူး။ သက်သက်မဲ့ ဒါ ပြည်သူတွေကို အကြမ်းဖက်တာ” ဟု မှတ်ချက်ပြုခဲ့သည်။
ကသာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ကလည်း ပြည်သူများနေထိုင်သည့် ကျေးရွာအား အကြောင်းမဲ့ ဗုံးကြဲခံရမှုကြောင့် မသေသင့်ပဲ ပြည်သူ့အသက်အိုးအိမ်များ ဆုံးရှုံးခဲ့ရသည် ဟု ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ဗုံးပေါက်ကွဲသည့် အသံကို ၁၅ မိုင်ခန့်ဝေးကွာသည့် ကသာမြို့ပေါ်ကပင် ကြားရပြီး ဖျက်အားပြင်းဗုံးများ သုံးစွဲခဲ့ကြောင်း မြို့ခံတစ်ဦးက ပြောသည်။
အောက်တိုဘာလ ၃၀ ရက်နေ့တွင် စစ်ကော်မရှင်တပ်သည် ရခိုင်၊ မန္တလေးနှင့် စစ်ကိုင်းတိုင်းတို့အတွင်း လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်ခဲ့ရာ ကလေးနှစ်ဦးအပါအဝင် အရပ်သား ၈ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ထို့အပြင် စစ်အုပ်ချုပ်ရေးအဖွဲ့များက ကသာနှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများအား လေကြောင်းနှင့် စစ်သင်္ဘော များဖြင့် မကြာခဏ တိုက်ခိုက်မှုများ ပြုလုပ်လေ့ရှိပြီး မြို့အနီးဝန်းကျင် ကျေးရွာအများစုမှာ တော်လှန်ရေးတပ် များ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်။