ကသာတွင် တိုက်ပွဲများ ပြန်လည် ပြင်းထန်၊ စစ်ကော်မရှင်က အဆက်မပြတ် ဗုံးကြဲ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၁၉ ရက်။ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့တွင် တိုက်ပွဲများ ပြန်လည်ပြင်းထန်လာနေပြီး စစ်ကော်မရှင်တပ်က လေကြောင်းမှ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေသည်ဟု မြေပြင်သတင်းရင်းမြစ်က ပြောသည်။

ကသာမြို့တွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေး မဟာမိတ် တပ်ပေါင်းစုများအကြား တိုက်ပွဲများ ပြန်လည် ပြင်းထန်နေပြီး စစ်တပ်ဘက်က ဂျက်ဖိုက်တာနှင့် ရဟတ်ယာဉ်များ အပါအဝင် လေကြောင်း အင်အား အလုံး အရင်းဖြင့် အပြင်းအထန် တိုက်ခိုက်နေသည်ဟု စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက မနေ့ကတော့ တော်တော်ဆိုးတယ်။ ဒီနေ့လည်း (သေနတ်သံ) ကြား တော့ကြားရတယ်။ ဒါ‌ပေမဲ့ ဒီနေ့ကတော့ ခပ်ကြဲကြဲပဲ။ မနေ့ကတော့ ခပ်စိပ်စိပ်ကို လေယာဥ်ပျံ Y-12 တွေပျံ တယ်။ ဟက်စကီးဆို နှစ်စီးတွဲတွေပျံတယ်။ ဂျက်ဖိုက်တာတွေပျံတယ်။ တောက်လျှောက်ပေါ့။ အသေကြဲ အသေစော်နေတာဟု ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၇ ရက် (စနေနေ့) နံနက်ပိုင်းမှ စတင်ကာ ကသာမြို့အခြေစိုက် ခမရ (၃၀၉) တပ်ရင်း အနီးရှိ ဂေါက်ကွင်းနှင့် တပ်ဦးဘုန်းကြီးကျောင်းတစ်ဝိုက်တွင် နှစ်ဖက်တိုက်ပွဲများ ပြန်လည်စတင်ခဲ့ခြင်း ဖြစ်သည်။ 

ဇန်နဝါရီလ ၁၈ ရက်နေ့ (ယမန်နေ့)ကမူ စစ်ကော်မရှင်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုကို အရှိန်မြှင့်တင်ခဲ့ ကြောင်း စစ်ရေးသတင်းရင်းမြစ်က အတည်ပြုသည်။

ကသာမြို့သိမ်းတိုက်ပွဲမှာ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့ စစ်ကော်မရှင်၏ ရွေးကောက်ပွဲကာလ တွင် စတင်ခဲ့ခြင်းဖြစ်ပြီး၊ ဇန်နဝါရီလ ၃ ရက်နေ့၌ တိုက်ပွဲအနည်းငယ်ငြိမ်သက်သွားခဲ့သော်လည်း ယခုအခါ ပြန်လည်ပြင်းထန်လာခြင်းဖြစ်သည်။ 

လက်ရှိတိုက်ပွဲများကြောင့် ခမရ (၃၀၉) အနီးရှိ ရပ်ကွက် (၅)၊ ရပ်ကွက် (၈) နှင့် ရပ်ကွက် (၉) တို့မှ နေအိမ်များစွာ မှာလည်း ထိခိုက်ပျက်စီးမှုများရှိနေသည်။

တိုက်ပွဲများ ပြန်လည် ပြင်းထန်လာမှုကြောင့် မြို့တွင်းသို့ ပစ္စည်းပြန်ယူရန် ပြင်ဆင်နေသည့် စစ်ဘေးရှောင်များ အနေဖြင့် မြို့တွင်းသို့ လုံးဝမဝင်ကြရန် သတိပေးမှုများ ထွက်ပေါ်နေသည်။ 

မန္တလေးမြို့တွင် စစ်ဘေးရှောင်နေရသည့် ကသာမြို့ခံ အမျိုးသမီးတစ်ဦးက မြို့တွင်းအခြေအနေနှင့်ပတ်သက်၍ ယခုကဲ့သို့ ပြောသည်။

ကျမတို့ ကသာမြို့နဲ့လည်း အဆက်အသွယ်မရပါဘူး။ ပတ်ဝန်းကျင်ကနေ ကြားတဲ့လူတွေက ပြောပြပေး တာ။ အခြေနေက မကောင်းပါဘူး။ မနေ့တုန်းကလည်း ဗုံးတွေကြဲနေတယ်။ (မြို့ထဲ) မပြန်ခဲ့ကြနဲ့လို့ ပြောခဲ့ တာပဲ ဟု အဆိုပါ အမျိုးသမီးက ပြောသည်။

ကသာမြို့ခံ အများစုမှာ တိုက်ပွဲစတင်ချိန် ကတည်းက မြစ်ကြီးနား၊ မန္တလေးမြို့ကြီးများအပြင် ဧရာဝတီ မြစ်ကမ်းဘေးရှိ ကျေးရွာများ၊ မိုးညှင်း၊ မိုးကောင်းနှင့် ရှမ်းပြည် မြောက်ပိုင်း မဘိန်းမြို့များအထိ ဖြန့်ကျက် ထွက်ပြေး တိမ်းရှောင်နေကြရသည်။

ကသာမြို့သိမ်းတိုက်ပွဲကို ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ် (PDF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)၊ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) နှင့် နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု (SRA) တို့ ပူးပေါင်းကာ တိုက်ခိုက်နေခြင်း ဖြစ်သည်။ 

စစ်ကော်မရှင်ဘက်ကမူ ဗျူဟာမြောက်သည့် ကသာမြို့ကို လက်မလွှတ်ရရေးအတွက် လေကြောင်းအင်အားကို အလွန်အကျွံသုံးစွဲ၍ ခုခံနေကြောင်း စစ်ရေးလေ့လာသူများနှင့် မြေပြင်သတင်းရင်းမြစ်များက သုံးသပ်ကြသည်။