လေကြောင်း တိုက်ခိုက်မှုကြောင့် မိုးကုတ်မှ ကလေး ၅ ဦး သေ၊ ၅ ဦး ဒဏ်ရာရ 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်။ 

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့တွင် စစ်ကောင်စီတပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ကလေး ၅ ဦး သေဆုံးပြီး ၅ ဦး ပြင်းထန်ဒဏ်ရာများ ရရှိသည်ဟု ဒေသတွင်း နီးစပ်သူများက ပြောသည်။

ယမန်နေ့ ဝါဆိုလပြည့်နေ့ (ဇူလိုင်လ ၉ ရက်နေ့) ည ၈ နာရီဝန်းကျင် အချိန်ခန့်တွင် မိုးကုတ်မြို့အဝင်၊ မြို့အရှေ့ ပိုင်းရှိ ပန်းမထိပ်ရပ်ကွက်အား စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ရပ်ကွက်နေ ပြည်သူတစ်ဦးက သေတဲ့ ၂ ယောက်လုံးက ညီအစ်ကိုတွေ၊ သူတို့အိမ် ဗုံးကျပြီးမှ တခြားအိမ်တွေ ထိတာ ဆိုတော့ သူတို့ ၂ ယောက်က ပွဲချင်းပြီးတယ်။ ကျန်တဲ့ကလေးတွေလည်း ဒဏ်ရာပြင်းတော့ သွေးအလှူရှင် အရေးပေါ် လိုနေတယ်ဟု ပြောသည်။

သေဆုံးသူ ၂ ဦးမှာ အသက် ၁၀ နှစ် အရွယ်နှင့် အသက် ၁၂ အရွယ်တို့ ဖြစ်ကြပြီး ယနေ့ (ဇူလိုင်လ ၁၀ ရက်နေ့)၊ နံနက်ပိုင်း၌ ကလေး ၃ ဦး ထပ်မံသေဆုံးခဲ့သည်။

ထို့အပြင် ပြည်သူ ၅ ဦးအထိ ပြင်းထန်ဒဏ်ရာ ရရှိထားသည်ဟု ရပ်ကွက်နေပြည်သူများက ပြောသည်။

အဆိုပါ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရပ်ကွက်အတွင်း လူနေအိမ် ၆ လုံး မီးလောင်ပြာကျ ပျက်စီးခဲ့ပြီး နွား ၇ ကောင်လည်း သေဆုံးသည်ဟု ဆိုသည်။ 

ပန်းမထိပ်ရပ်ကွက်တွင် နေထိုင်သည့် အမျိုးသား တစ်ဦးက ၃ ယောက်က ဒီမနက်မှ ဆုံးတာ။ ဒဏ်ရာ ပြင်း တော့ ဘယ်လိုမှ ကယ်လို့ မရတော့ဘူး။ ခဏခဏ ကြဲနေတာ တာဝန်ရှိသူတွေကလည်း လေကြောင်း ကာကွယ် မှု ဘာညာ ပညာပေးတာ လုံးဝမရှိဘူး။ ပြည်သူတွေတော့ ပုံမှန်တိုင်း သွားလာနေကြတယ်။ မိုးကုတ်က ခဏ ခဏကြဲတော့ ရိုးသွားပြီ။ ပိုက်ဆံရှိတဲ့လူလောက်ပဲ ရှောင်ကြတာ ဟု ပြောသည်။

အလားတူ ဇူလိုင်လ ၈ ရက်နေ့ (အဖိတ်နေ့) တွင်လည်း မိုးကုတ်မြို့ အနောက်ပိုင်းရှိ “ကြိုးစားသူများ” အမည်ရှိ ကိုယ်ပိုင် အထက်တန်းကျောင်း တစ်ခုအား စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ မပြူး၊ အရီးနှင့် ကိုတိုး ဆိုသည့် ဒေသခံ ၃ ဦးလည်း သေဆုံးခဲ့သေးသည်။

ထို့အပြင် ဇွန်လ ၂၅ ရက်နေ့၌လည်း မိုးကုတ်မြို့ အရှေ့ပိုင်းရှိ အုန်းကိုင်းကျေးရွာအား စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ ဒေသခံ ၄ ဦးအထိ ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပြီး လူနေအိမ်အများစု ပျက်စီးခဲ့သည်ဟု ဒေသခံများက ပြောသည်။