ရှမ်းကရင်နီ နယ်စပ်တွင် သျှမ်းပြည် တောင်ပိုင်း အမျိုးသားများ လွတ်မြောက်ရေး အဖွဲ့ SSNLO ဖွဲ့စည်း 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၉ ရက်။ 

ရှမ်း – ကရင်နီ နယ်စပ်ရှိ လွတ်မြောက်နယ်မြေ တစ်နေရာတွင် သျှမ်းပြည် တောင်ပိုင်း အမျိုးသားများ လွတ်မြောက် ရေးအဖွဲ့ (SSNLO) ဖွဲ့စည်းလိုက်ပြီဟု ကြေညာသည်။

စစ်အာဏာရှင် ကျဆုံးရေးနှင့် ပြည်သူတစ်ရပ်လုံး လိုလားသည့် ဖက်ဒရယ် ပြည်ထောင်စုအား တည်ဆောက်ရေး အတွက် ယနေ့ (ဇူလိုင် ၉) တွင် စတင်ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။

SSNLO အတွင်းရေးမှူး ကိုစောက ကျနော်တို့ SSNLO ဖွဲ့စည်းရခြင်းရဲ့ အဓိက ရည်ရွယ်ချက်ကတော့ စစ် ကောင်စီ အမြန်ဆုံး ပြုတ်ကျရေး၊ နောက်တစ်ခုက လက်နက်ကိုင် တော်လှန်ရေး အခင်းအကျင်းမှာ ပါဝင်နေတဲ့ လက်နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့တွေနဲ့ နိုင်ငံရေး အစုအဖွဲ့တွေကြားထဲမှာ နိုင်ငံရေး ဘုံသဘော တူညီချက် တစ်ရပ် ပေါ်ထွက်လာရေးနဲ့ ပြည်သူတွေ လိုလားတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကြီး အမြန်ဆုံး ပေါ် ပေါက်လာဖို့အတွက်ကို ရည်ရွယ် ပါတယ်ဗျာ ဟု ပြောသည်။

Southern Shan National Liberation Organization (SSNLO) အား နွေဦးတော်လှန်ရေး စတင်ချိန်ကတည်းက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့သည့် CDM ဝန်ထမ်း များ၊ လက်နက်ကိုင် တော်လှန်ရေး ဆင်နွဲနေသည့် အရပ်ဖက် အသိပညာရှင်၊ အတတ်ပညာရှင်များဖြင့် ဖွဲ့စည်း ထားခြင်း ဖြစ်သည်ဟု ဆိုသည်။

SSNLO အနေဖြင့် ရှမ်းပြည် တောင်ပိုင်းအတွင်းရှိ နိုင်ငံရေး၊ စစ်ရေး ဖော်ဆောင်နေကြသော အစုအဖွဲ့များ ကြားတွင် စည်းလုံးညီညွတ်စွာဖြင့် နိုင်ငံရေး ဘုံသဘောတူညီချက်များ၊ ပေါ်ထွန်းလာစေရန် ကြိုးပမ်းဆောင်ရွက် သွားမည် ဖြစ်ပြီး ပြည်သူနှင့် အနီးကပ် နေထိုင်၍ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကိုလည်း အားသွန်ခွန်စိုက် ဆောင်ရွက်သွားမည်ဟု ဆိုသည်။

ကျနော်တို့ ရှမ်းတော်လှန်ရေး အစုအဖွဲ့ အများစုကတော့ ရှမ်း – ကရင်နီ နယ်စပ်မှာ အများဆုံး အခြေစိုက်ပြီး တော့ တော်လှန်နေကြတော့ လက်ရှိ ကရင်နီရဲ့ IEC နောက်တခု NUCC NUG တို့နဲ့လည်း နောက်ပိုင်း ညှိနှိုင်း ပေါင်းစပ်မှုတွေ  လုပ်ပြီးတော့ အတူချိတ်ဆက်ပြီးတော့ ဆောင်ရွက်သွားမယ့် အစီစဉ်တွေ ရှိပါတယ် ဟု အတွင်းရေးမှူး ကိုစောက ဆက်ပြောသည်။

SSNLO အား ၂၀၂၂ ခုနှစ်ကတည်းက ဖွဲ့စည်းရန် ကြိုးပမ်းခဲ့သော်လည်း နည်းပညာ၊ ပညာရှင်အရင်းအမြစ်၊ ဘဏ္ဍရေး စသည့် အခက်အခဲများ ကြောင့် နှောင့်နှေးကြန့်ကြာခဲ့ရခြင်း ဖြစ်ပြီး ယနေ့အချိန်မှသာ ဖွဲ့စည်းနိုင်ခဲ့ခြင်း ဖြစ်သည်။

ရှမ်း – ကရင်နီ နယ်စပ်ရှိ တော်လှန်ရေး အင်အားစုများ အနေဖြင့် ပြည်သူများ ပူးပေါင်းပါဝင်မှုကြောင့်သာ ယန့ အထိ ရေရှည် ရပ်တည်နိုင်ခြင်း ဖြစ်ပြီး လာမည့် ကာလများတွင်လည်း တော်လှန်ရေး အောင်မြင်ရန်အတွက် ဆက်လက် ပါဝင်ပေးကြရန် အတွင်းရေးမှူး ကိုစောက တောင်းဆိုထားသည်။