မိုးကုတ်ဗုံးကြဲ၊ အရပ်သား ၄ ဦး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်။
မိုးကုတ်မြို့က ရပ်ကွက် ၃ ခုကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၄ ဦး သေဆုံးခဲ့သည်ဟု ဒေသခံများက ပြောသည်။
မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့ရှိ လူစည်ကားသည့် နေရာများအား ဇူလိုင်လ ၂၉ ရက်နေ့၊ နံနက်ပိုင်း တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ၇ ကြိမ် ပြုလုပ်ခဲ့သည်ဟု ဒေသတွင်း သတင်း အရင်းအမြစ်များက ပြောသည်။
မိုးကုတ်မြို့ရှိ ရပ်ကွက် ၃ ခုအား ပေါင် ၅၀၀ ဗုံး ၄ လုံး၊ ပေါင် ၂၀၀ ဗုံး ၃ လုံး စုစုပေါင်း ဗုံး ၇ လုံးဖြင့် လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ အရပ်သား ၄ ဦး ပွဲချင်းပြီး သေဆုံးခဲ့သည့်အပြင် ၉ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်ဟု ဆိုသည်။
မင်းတံတားရပ်ကွက်တွင် နေထိုင်သည့် အမျိုးသမီး တစ်ဦးက “KTV လည်း ထိတယ်။ သူက နေ့ဆို လူမရှိဘူး။ ညမှ လူပြည့်တာ။ သွေးလိုလို့ အရေးပေါ် လိုက်ရှာနေရတယ်။ ထိတဲ့သူ တော်တော်များတယ်။ ပြည်သူတွေပဲ ထိတာ။ ဘာလက်နက်ကိုင်မှ မရှိတဲ့ နေရာတွေကို ကြဲသွားတာ” ဟု ပြောသည်။
ယနေ့ နံနက် ၉ နာရီခွဲ အချိန်ခန့်တွင် မင်းတံတားရပ်ကွက်သို့ လေကြောင်းမှ စတင်တိုက်ခိုက်ခဲ့ရာ မိဘမေတ္တာ ရေကူးကန်၊ တော်ဝင် စက်သုံးဆီ အရောင်းဆိုင်၊ ပျိုးဥယာဉ်၊ ဖုန်းဆိုင်၊ မူကြိုကျောင်းနှင့် Kingbridge ဟိုတယ် စသည့်နေရာများ၌ ဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့ပြီး အဆောက်အအုံများစွာ ထိမှန်ပျက်စီးခဲ့ရသည်။
ထို့အပြင် ယနေ့ နံနက် ၁၀ နာရီခွဲဝန်းကျင်ခန့်တွင်လည်း မိုးကုတ်မြို့၊ အရှေ့ရွာနှင့် ရွှေဘုံသာရပ်ကွက်သို့ လေကြောင်းမှ ထပ်မံတိုက်ခိုက်ခဲ့ပြီး ဓမ္မာရုံ၊ RQ ဟိုတယ်နှင့် စခန်းသာဈေးရှိ ဆိုင်ခန်းအချို့မှာ ထိမှပျက်စီးမှု ရှိခဲ့သည်ဟု ရပ်ကွက်တွင်း နေထိုင်သူများက ဆိုသည်။
မိုးကုတ်မြို့ အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များနှင့် နီးစပ်သူ တစ်ဦးက “မင်းတံတားမှာ လူအများဆုံး ထိတာ။ အရှေ့ရွာနဲ့ ရွှေဘုံသာက အိမ်တွေ ထိတာလောက်ပဲ။ အိမ်ကတော့ ၇ လုံး ထိတယ်။ တခြား အဆောက်အအုံပါ ပါရင်တော့ မကဘူး။ ထိတဲ့သူတွေတော့ PDF ဖွင့်ထားတဲ့ ဆေးရုံမှာ ကုပေးနေတယ်” ဟု ပြောသည်။
စစ်ကောင်စီက မိုးကုတ်မြို့ကို ပြန်လည် ရရှိရန်အတွက် သပိတ်ကျဉ်းမြို့မှတဆင့် ထိုးစစ်ဆင်နေပြီး လေကြောင်းစစ်ကူဖြင့်လည်း မကြာခဏ ဗုံးကြဲနေခြင်းဖြစ်သည်ဟု စစ်ရေး သတင်းအရင်းအမြစ်များက သုံးသပ်နေကြသည်။
လက်ရှိ ဖြစ်စဉ်မတိုင်မီကလည်း ဇူလိုင်လအတွင်း မိုးကုတ်မြို့ကို လေကြောင်း တိုက်ခိုက်မှုကြောင့် ကလေး ၂ ဦး အပါအဝင် အရပ်သား ၆ ဦး ထိခိုက်သေဆုံးခဲ့ပြီး ၂၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က ထုတ်ပြန်ထားသည်။