ငလျင်ဒဏ်ကြောင့် အိုးဘိုထောင် အတွင်း သေဆုံးမှုများကို စစ်ကောင်စီ သတင်းအမှောင်ချထားခဲ့
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၄ ရက်။
မန္တလေးမြို့ရှိ အိုးဘိုအကျဉ်းထောင်တွင် မတ်လကုန်ပိုင်းက လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် အကျဉ််းသား/သူ အယောက် ၇၀ ဦး အထက် သေဆုံးခဲ့သော်လည်း စစ်ကောင်စီက သတင်းအမှောင် ချထားခဲ့သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM)က မကြာသေးမီက ထုတ်ပြန်သည်။
ထိုအင်အားပြင်းငလျင်ကြောင့် အကျဉ််းသား/သူ သေဆုံးမှုထဲတွင် နိုင်ငံရေး အကျဉ်းသူ ၁၈ ဦး နှင့် နိုင်ငံရေး အကျဉ်းသား ၃၁ ဦး စုစုပေါင်း ၄၉ ဦးလည်း သေဆုံးခဲ့ကြောင်း PPNM က အတည်ပြုထားသည်။
PPNM ဦးဆောင်ကော်မတီဝင် မရောင်နီလင်း “ကျနော်တို့မှာ ဖြန့်ထားတဲ့ ကွန်ရက်တွေရှိပါတယ်။ အဲ့ဒီကနေမှ သေဆုံး ခဲ့တဲ့သူတွေ အချိတ်အဆက်တွေ ရှိတယ်ပေါ့နော်။ အဲ့ဒီလူတွေကို ကျနော်တို့ အတည်ပြုပြီတော့မှ အကျဉ်းသား အကျဉ်းသူ ၄၉ ဦးရှိတယ်လို့ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ တိတိကျကျနဲ့ ကျနော်တို့ နာမည် စာရင်းတွေလည်း ရထားပါတယ်” ဟု ပြောသည်။
PPNM ၏ မှတ်တမ်းကောက်ယူမှုများ အရ သေးဆုံးခဲ့သည့် နိုင်ငံရေးအကျဉ််းသား/သူ ၄၉ ဦးမှာ အသက် အရွယ်အားဖြင့် အသက် ၅၄ နှစ် နှင့် ၂၂ နှစ်ကြား ရှိသူများ ဖြစ်သည်။
အဆိုပါ အကျဉ်းသား သေဆုံးမှုများနှင့် ပတ်သက်ပြီး စစ်ကောင်စီမှ သတင်းထုတ်ပြန်မှုများ မရှိဘဲ သတင်း အမှောင်ချ ဖုံးကွယ်ထားသည်ဟု PPNM က ပြောသည်။
နိုင်ငံရေး အကျဉ််းသူ/သား ၄၉ ဦး သေဆုံးမှုကို စစ်ကောင်စီမှ သတင်းအမှောင်ချ ဖုံးကွယ်ထားသည်နှင့် ပတ်သက်၍ မရောင်နီလင်းက ယခုကဲ့သို့ ဆက်ပြောသည်။
“သတင်း အမှောင် ဘာလို့ ဖုံးကွယ်ထားလဲဆိုရင် ဒါက အဆောက်အအုံတွေထဲမှာ ပိတ်ထားတာတွေကြောင့် ပြီးလို့ရှိရင် ဒီအဆောက်အအုံတွေကလည်း မခိုင်ဘူးလေ။ မခိုင်တဲ့ ကြားကနေမှ အပေါက်တွေ ပိတ်ပြီးတော့ ဝန်ထမ်းတွေက ပြေးကြတာပေါ့နော်။ အဲ့လိုမျိုးတွေနဲ့ တာဝန်ယူမှု တာဝန်ခံမှု မရှိတဲ့အတွက် သေဆုံးသွား ခဲ့ရတာတွေကို လူသိမှာ စိုးတယ်ပေါ့နော်။ အပြစ်ပြောကြမှာ စိုးတဲ့အတွက် သတင်း အမှောင်ချထားတာပဲ ဖြစ်ပါတယ်။”
အိုးဘိုအကျဉ်းထောင်ရှိ နိုင်ငံရေး အကျဉ်းသားများ သေဆုံးမှုကို သတင်း အမှောင်ချထားမူကြောင့် သေဆုံး သူများ၏ မိသားစုဝင်နှင့် အဆက်အသွယ်မရှိဘဲ ရက်လည်ဆွမ်းကျွေးပင် မပြုလုပ်ရသေးဘူးဟု PPNM က ပြောသည်။
မရောင်နီလင်းက “တစ်ချို့ဆိုလို့ရှိရင် အခုချိန်ထိ မိသားစုဝင်တွေက ဒီငလျင်လှုပ်လို့မို့လို့ နိုင်ငံရေး အကျဉ်း သားတွေ သေတယ်ဆိုတာကို မသိကြသေးတဲ့ မိသားစုတွေလည်း ရှိပါတယ်” ဟု ပြောသည်။
လက်ရှိ အချိန်ထိ အိုးဘိုအကျဉ်းထောင်တွင် နိုင်ငံရေး အကျဉ်းသားများ အပါအဝင် အကျဉ်းသားများ အတွက် အကူအညီများ၊ ထောက်ပံ့မှုများ များစွာ လိုအပ်သဖြင့် လူ့အခွင့်အရေးနှင့် တရားမျှတမှုကို ဖော်ဆောင် နေကြ သည့် အဖွဲ့အစည်းများ အနေဖြင့် ထောက်ပံ့မှုများရရှိရေး ဆောင်ရွက်ပေးစေလိုသည်ဟု PPNM က တောင်းဆို ထားသည်။