စစ်ကောင်စီ၏ နျူကလီးယား ကြိုးပမ်းမှုမှာ စစ်ရေးအတွက်သာ ဖြစ်သည်ဟု NUG ပြော
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၄ ရက်။
နျူကလီးယား ရရှိအောင် စစ်ကောင်စီ၏ ကြိုးပမ်းမှုသည် စစ်ရေးအတွက်သာ ဖြစ်သည်ဟု အမျိုးသား ညီညွတ်ရေး အစိုးရ NUG က စွပ်စွဲ ပြောဆိုလိုက်သည်။
အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ပြည်ထောင်စု ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ် က ဇွန်လ ၁၀ ရက်နေ့တွင် ပြုလုပ်သော နိုင်ငံတကာနှင့် ပြည်သူလူထုများအား သတင်းစကားပြော ကြားခြင်း အစီအစဉ်တွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ဦးနေဘုန်းလတ်က “အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ငြိမ်းချမ်းတဲ့ ရည်ရွယ်ချက်တွေနဲ့ အသုံးပြုမယ်လို့ အကြောင်းပြပြီးတော့ စစ်ရေးအတွက် နျူကလီးယား နည်းပညာရယူဖို့ကို ကြိုးပမ်းမှုတွေ အရှိန်မြှင့် လုပ်ဆောင်လာနေတာ တွေ့ရပါတယ်” ဟု ပြောသည်။
ထို့အပြင် စစ်ကောင်စီ၏ နျူကလီးယား နည်းပညာရရှိရေး ကြိုးပမ်းမှုများသည် ပြည်တွင်း ဒီမိုကရေစီရေး လှုပ် ရှားမှု အတွက် သာမက အာဆီယံဒေသတွင်းနှင့် နိုင်ငံတကာ တည်ငြိမ်ရေးအတွက်ပါ ကြီးမားသော စိုးရိမ်ဖွယ်ရာ ခြိမ်းခြောက်မှု တစ်ရပ်အဖြစ် ရှိနေသည်ဟု NUG က ပြောသည်။
လက်ရှိတွင် စစ်ကောင်စီသည် တိုင်းပြည်ဘဏ္ဍာကို အသုံးပြု၍ ဝယ်ယူထားသော စစ်လက်နက်များဖြင့် ပြည်သူ လူထုကို ပစ်မှတ်ထားပြီး စာသင်ကျောင်းများ၊ ဆေးရုံများနှင့် လူနေရပ်ကွက်များကို ဗုံးကြဲ တိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းတို့ကို နေ့စဉ်နှင့်အမျှ ကျူးလွန်နေသည်ဟု ဆိုသည်။
ဤသို့သော အခြေအနေတွင် နျူကလီးယား နည်းပညာကဲ့သို့သော အဖျက် စွမ်းအားကြီးမားသည့် လက်နက် တစ်ခုကို ပိုင်ဆိုင်သွားမည် ဆိုပါက ဒေသတွင်းတည်ငြိမ်ရေးနှင့် လုံခြုံရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်မည်ဟု ဦးနေဘုန်းလတ်က ဆက်ပြောသည်။
၎င်းက “ပြည်သူလူထုကို နေ့စဉ်ရက်စက် တိုက်ခိုက်သတ်ဖြတ်နေတဲ့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင် လှိုင်ရဲ့ လက်ထဲကို နျူကလီးယားစွမ်းအင်သုံး လက်နက်တစ်စုံတစ်ရာသာ ရောက်ရှိသွားမယ်ဆိုရင် ဒါဟာ ဒေသ တွင်း နိုင်ငံတွေ အတွက်ပါ မတွေးဝံ့စရာ အခြေအနေတစ်ခု ဖြစ်သွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
စစ်ကောင်စီ၏ နျူကလီးယား ရည်မှန်းချက်သည် စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ လက်ထက် ၂၀၀၇ ခုနှစ် ကတည်းက ရုရှားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုကို စတင်လုပ်ဆောင်ခဲ့သည်။
ထိုအချိန်ကတည်းက ‘ငြိမ်းချမ်းသောရည်ရွယ်ချက်’ ဟူသော ခေါင်းစဉ်အောက်တွင် နျူကလီးယား နည်းပညာကို ရယူရန် ကြိုးပမ်းခဲ့ပြီး ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၅ ခုနှစ်တွင် ရုရှားနိုင်ငံပိုင် နျူကလီးယားကော်ပိုရေးရှင်း Rosatom နှင့် နားလည်မှု စာချွန်လွှာရေးထိုးခဲ့သည်။ ထိုအစီစဉ်များသည် NLD အစိုးရ လက်ထက်တွင် ရပ်တန့် ခဲ့သည်။
သို့သော် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှု နောက်ပိုင်းတွင် စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်သည် ထိုနျူကလီးယား အိပ်မက်ကို ပြန်လည် အသက်သွင်းလာခဲ့သည်။
အာဏာ သိမ်းပြီးချိန်မှ စတင်၍ ရုရှားနိုင်ငံနှင့် ဆက်ဆံရေးကို အရှိန်အဟုန်မြှင့် လုပ်ဆောင်ခဲ့ပြီး ၂၀၂၂ ခုနှစ် ဇူလိုင်လမှ ၂၀၂၃ ခုနှစ် အောက်တိုဘာလအထိ ၁၅ လတာ ကာလအတွင်း နားလည်မှု စာချွန်လွှာများ ရေးထိုးခဲ့ သည်။
ထို့အပြင် ရန်ကုန်မြို့တွင် နျူကလီးယား သတင်းအချက်အလက် စင်တာဖွင့်လှစ်ခြင်း၊ ပူးပေါင်းဆောင်ရွက်မှု ၁၄ ခု အတွက် သဘောတူညီမှုများ ပြုလုပ်ခြင်းနှင့် နောက်ဆုံးတွင် ဓာတ်ပေါင်းဖို တည်ဆောက်ရေး အတွက် လက် တွေ့ ပြင်ဆင်လာခြင်းများ အထိ အချိန်တိုအတွင်း တစ်ဆင့်ပြီးတစ်ဆင့် တိုးမြှင့်လုပ်လာခဲ့သည် ဟု ဦးနေဘုန်းလတ် က ပြောသည်။
ထိုသို့ လုပ်ဆောင်နေခြင်းသည် နိုင်ငံတကာ အသိုင်းအဝိုင်း၏ နျူကလီးယား လက်နက် မပြန့်ပွားရေး ကြိုးပမ်း မှုများကို စစ်ကောင်စီက ပြောင်ပြောင်တင်းတင်း စိန်ခေါ်နေခြင်းဖြစ်သည် ဟု NUG က ဆိုသည်။
ထို့ကြောင့် စစ်ကောင်စီ၏ နျူကလီးယား ရရှိရေး ကြိုးပမ်းမှုများသည် ကမ္ဘာ့အသိုင်းအဝိုင်း တစ်ခုလုံးအတွက်ပါ ကြီးမားသော ခြိမ်းခြောက်မှု ဖြစ်လာနိုင်သောကြောင့် နိုင်ငံတကာ အစိုးရများနှင့် အဖွဲ့အစည်းများ အနေဖြင့် စစ်ကောင်စီ အပေါ် ထိရောက်သော ဖိအားပေးမှုများနှင့် ဒဏ်ခတ်အရေး ယူမှုများ အချိန်မီ ချမှတ်ဆောင်ရွက်ရန် အရေးတကြီး လိုအပ်နေပြီဟု ဦးနေဘုန်းလတ် က သတိပေး ပြောကြားထားသည်။