ရေကြီးရေလျှံမှုများကြောင့် ညောင်ရွှေဒေသခံများ ရွှေ့ပြောင်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၄ ရက်။ 

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ ညောင်ရွှေမြို့ပေါ်နှင့် အင်းလေးဒေသတွင် ရေကြီးရေလျှံမှုများကြောင့် ဒေသခံများ စတင်ပြောင်းရွှေ့နေကြပြီဟု ဒေသတွင်း လူမှုကယ်ဆယ်ရေး အသင်းဝင်များက ပြောသည်။

ပြီးခဲ့သည့် ရက်သတ္တတစ်ပတ် ကတည်းက တောင်ကြီးနှင့် ဟဲဟိုးမြို့တွင် မိုးရက်ဆက် ရွာသွန်းမှုကြောင့် ဇွန်လ ၁၀ ရက်နေ့မှ စတင်၍ လက်ရှိချိန်အထိ ရေ ၃ ပေခန့် မြင့်တက်လာပြီး အချို့လူနေအိမ်များတွင် ရေစတင် ဝင်ရောက်လာခြင်း ဖြစ်သည်။

ကံသာရပ်ကွက်တွင် နေထိုင်သူ တစ်ဦးက မီးတော့ လာလိုက်ပြတ်လိုက် ရေတော့တက်နေတုန်း။ ဘယ်ချိန်ပြီး မလဲ မသိဘူး။ ပိုက်ဆံရှိတဲ့လူ တော်တော်များများကတော့ ကြိုပြောင်းကြပြီ။ ကျနော်တို့လည်း စောင့်ကြည့်နေ ပါတယ်။ ဒီညစောင့်ကြည့်လို့မှ ထပ်တက်လာတယ် ဆိုရင်တော့ ပြောင်းရမှာပေါ့နော် ဟု ပြောသည်။

ဇွန်လ ၁၄ ရက်နေ့၊ နေ့လည်ပိုင်း အခြေအနေအရ သာစည်ရပ်၊ မိုင်းလီရပ်တို့ အပါအဝင် ဆိပ်ကမ်းဘေးရှိ ရပ်ကွက်များမှာ လျှပ်စစ်မီးများ ပြတ်တောက်နေပြီး သောက်သုံးရေနှင့် စားနပ်ရိက္ခာများ ခက်ခဲလာနိုင်သဖြင့် နီးစပ်ရာမြို့များနှင့် ဘုန်းကြီးကျောင်း နေရာများသို့ စတင်ပြောင်းရွှေ့နေကြပြီ ဖြစ်သည်။

လက်ရှိတွင် ညောင်ရွှေ – တောင်ကြီး ကားဂိတ်နေရာအထိ စက်လှေများ ဝင်ရောက်နိုင်ပြီး ကမ္ဘောဇဘဏ်အနီးသို့ ရေရောက်ရှိရင် အနည်းငယ်သာ လိုတော့သည်ဖြစ်ရာ ဒေသခံများမှ စိုးရိမ်ပူပန်နေကြသည်။

ဒေသတွင်း လူမှုကယ်ဆယ်ရေး အသင်းဝင် တစ်ဦးက ညောင်ရွှေမှာက စစ်ဘေးရှောင်စခန်းတွေ များတယ်။ ကယားဘက်က လာတောတွေ၊ ပင်လောင်းဘက်က လာတာတွေ အများကြီးပဲ။ အခုရေကြီးပြီဆိုတော့ သူတို့ လည်း ဘယ်သွားလို့ သွားရမှန်းမသိ ဖြစ်နေတယ်။ ပြီးတော့ ဈေးသည်တွေပေါ့။ ရက်ရှည်ပိတ်ရရင် သူတို့ လည်း မလွယ်ဘူး။ မနှစ်ကဆို ရေတက်တာ တအားမြန်တော့ ပြေးမရတာတွေ ရှိတယ်။ ညဘက်အိပ်ချိန် ရုတ် တရက် တက်လာရင် မလွယ်လို့ ကြိုပြောင်းကြပါလို့ သတိပေးချင်တယ် ဟု ပြောသည်။

ညောင်ရွှေမြို့နယ် အတွင်းရှိ လယ်ဧက ထောင်ချီမှာလည်း ရေမြုပ်ပျက်စီးနေပြီး ငရုတ်၊ မြေပဲ၊ ဖရုံ စသည့် စိုက်ခင်းများမှာလည်း ရေလွှမ်းခံနေရသဖြင့် တောင်သူများအတွက် နစ်နာဆုံးရှုံးမှု များစွာရှိသည်ဟု ဆိုသည်။

တောင်ကြီးမြို့မှ စီးဆင်းလာသည့် ရေများကြောင့် လာမည့် ၃ ရက်အတွင်း ညောင်ရွှေမြို့နယ်တွင် ရေ ၃ ပေမှ ၇ ပေအထိ မြင့်တက်လာနိုင်သည်ဟုလည်း မိုးလေဝသမှ ခန့်မှန်းထားသဖြင့် ကုန်းမြင့်ပိုင်းနေရာများသို့ ရွှေ့ပြောင်း ကြရန် မြို့တွင်း၌ လူမှုကယ်ဆယ်ရေး အသင်းဝင်များက လိုက်လံ သတိပေးနေကြသည်။

အလားတူ ညောင်ရွှေမြို့နှင့် ၇ မိုင်ခန့်သာဝေးသည့် တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့တွင်လည်း တာယော ချောင်းမှ ရေအဆက်မပြတ် တက်နေပြီး လူနေအိမ်အချို့ စတင်နစ်မြုပ်လာသဖြင့် ပြောင်းရွှေ့နေကြရပြီဟု မြေပြင်သတင်းရင်မြစ်များ ပေးပို့ချက်အရ သိရသည်။