သပိတ်ခေါင်းဆောင် ဝေမိုးနိုင်ကို ထောင်ပြောင်း
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၄ ရက်။
မုံရွာအကျဉ်းထောင်တွင် ထိန်းသိမ်းခံထားရသည့် မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် အပါအဝင် နိုင်ကျဉ်းများနှင့် အခြား ရာဇဝတ်အကျဉ်းသား ၂၀၀ ခန့်ကို စစ်ကောင်စီက အခြားထောင်များသို့ ပြောင်းရွှေ့လိုက်သည်။
ထောင်ဒဏ် ၇၄ နှစ် ချမှတ်ခံထားရသည့် မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် နှင့် အကျဉ်းသား ၂၀၀ ခန့်ကို ဇွန်လ ၁၂ ရက်နေ့တွင် ထောင်ပြောင်း လိုက်ခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် PPNM က ထုတ်ပြန်သည်။
PPNM ၏ ပြောရေးဆိုခွင့်ရှိသူ ကိုသိုက်ထွန်းဦးက “ကျနော်တို့ ဒီမနေ့မနက် ၅ နာရီနဲ့ ၆ နာရီဝန်းကျင်ကြားမှာ ပေါ့နော်၊ ဒီမုံရွာအကျဉ်းထောင်ကနေ ကျနော်တို့ မုံရွာရဲ့ သပိတ်ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ကိုဝေမိုးနိုင် အပါ အဝင် ဒီသပိတ်ခေါင်းဆောင်တွေ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေးသမားတွေနဲ့ တခြား ရာဇဝတ် အကျဉ်းသားတွေပေါ့နော်၊ အားလုံးကို စုစည်းပြီးမှ အယောက် ၂၀၀ ဝန်းကျင်လောက်ကို ဒါ နမခက စစ်တပ်က လုံခြုံရေးယူပြီးမှ ခေါ်ထုတ်သွားတာရှိပါတယ်” ဟု ပြောသည်။
ဇွန်လ ၁၂ ရက်နေ့၊ နံနက်ပိုင်းတွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) မှ တပ်ဖွဲ့ ဝင်များသည် သံချပ်ကာ ကား ၂ စီး၊ အိမ်စီးကား ၃ စီးနှင့် ဆယ့်နှစ်ဘီး ကုန်တင်ကား ၆ စီး ပါဝင်သော ယာဉ်တန်းဖြင့် မုံရွာထောင်မှ အကျဉ်းသားများကို လာခေါ်သွားခြင်း ဖြစ်သည်ဟု PPNM က ဆိုသည်။
အဆိုပါ အကျဉ်းသားများကို မန္တလေးတိုင်းရှိ အိုးဘိုနှင့် မြင်းခြံ အကျဉ်းထောင်အပြင် မကွေးတိုင်းရှိ မကွေး အကျဉ်းထောင်သို့ ခွဲ၍ ပို့ဆောင်မည်ဖြစ်ပြီး အဓိက ဦးတည်ရာမှာ အိုးဘိုအကျဉ်းထောင် ဖြစ်သည်ဟု ဆိုသည်။
ဤသို့ရွှေ့ပြောင်းရခြင်းမှာ စစ်ကိုင်းတိုင်းအတွင်း တော်လှန်ရေး အင်အားစုများ၏ စစ်ရေးလှုပ်ရှားမှုများ အရှိန်မြင့်လာခြင်းကြောင့် မုံရွာအကျဉ်းထောင်၏ လုံခြုံရေးအပေါ် စစ်ကောင်စီက စိုးရိမ်လာခြင်းဖြစ်နိုင်ကြောင်း ကိုသိုက်ထွန်းဦးက သုံးသပ်သည်။
“ပို့ရတဲ့ ရည်ရွယ်ချက်ကတော့ ကျနော်တို့ သုံးသပ်တာကတော့ ဒါ လက်ရှိ စစ်ကိုင်းတိုင်းဟာ စစ်ရေးအရ အရှိန် မြင့်လာတယ်။ တိုင်းပြည်မှာ ကောင်းကောင်း အင်အားမဖြန့်ထားနိုင်တဲ့ စစ်ကောင်စီအနေနဲ့က ဒီအညာမှာ စစ်ရေး အားကောင်းလာတာနဲ့ အမျှ ဒီမုံရွာဟာ လုံခြုံတယ်လို့ သူတို့ မခံစားရတော့တဲ့ အခြေအနေဖြစ်တယ်လို့ ကျနော်တို့ သုံးသပ်ပါတယ်။”
ထို့အပြင် ဤရွှေ့ပြောင်းမှုသည် အကျဉ်းသားများနှင့် ၎င်းတို့၏ မိသားစုဝင်များကြား အဆက်အသွယ် ဖြတ် တောက်ရန်နှင့် သတင်းစီးဆင်းမှုကို ဟန့်တားရန် ရည်ရွယ်နိုင်သည်ဟုလည်း ကိုသိုက်ထွန်းဦးက ဆိုသည်။
ရွှေ့ပြောင်းခံရသည့် အကျဉ်းသားများအတွက် နေရာထိုင်ခင်း၊ အစားအသောက်နှင့် လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများ လည်း ရှိနေသည်ဟု နိုင်ကျဉ်းအရေး စောင့်ကြည့်နေသူများက ဆိုသည်။
အထူးသဖြင့် အဓိက ပို့ခံရဖွယ်ရှိသည့် အိုးဘိုအကျဉ်းထောင်သည် ငလျင်ဒဏ်ကြောင့် အဆောက်အအုံများ၏ ခံနိုင်အားမှာ စိုးရိမ်နေရပြီး လက်ရှိတွင်ပင် အကျဉ်းသားဦးရေနှင့် ပြည့်ကြပ်နေပြီ ဖြစ်သည်။
ကိုသိုက်ထွန်းဦးက “ပို့လိုက်တဲ့ ထောင်ကလည်း မန္တလေး အိုးဘိုအကျဉ်းထောင် ဖြစ်တယ်။ မန္တလေး အိုးဘို အကျဉ်းထောင်ဟာ ငလျင်ဒဏ်ကြောင့်မို့လို့ ထိခိုက်ပျက်စီးမှု များစွာ ကြုံထားရတဲ့ ထောင်တစ်ခု ဖြစ်ပါတယ်။ ဒီလို အခြေအနေမျိုးမှာ နဂိုမူလ ရှိပြီးသားလူတွေရော၊ ထပ်ရောက်လာတဲ့ လူတွေကိုပါ စုပြုံပြီး ထားမယ် ဆိုရင် အားလုံးရဲ့ အသက်အန္တရာယ် စိုးရိမ်မှုတွေရှိနိုင်တယ်” ဟု ပြောသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ဇွန်လ ၁၃ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်တပ်က အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၉,၂၇၂ ဦးရှိပြီး၊ ၎င်းတို့အနက် ၂၂,၁၂၀ ဦးမှာ ဆက်လက် ထိန်းသိမ်းခံထားရဆဲ ဖြစ်သည်။
PPNM အနေဖြင့် ရွှေ့ပြောင်းခံရသည့် အကျဉ်းသားများ၏ အခြေအနေနှင့် ၎င်းတို့အပေါ် ညှဉ်းပန်းနှိပ်စက်မှုများ ရှိ၊ မရှိကို ဆက်လက် စောင့်ကြည့်သွားမည်ဟု ဆိုသည်။