အင်းတော် တော်လှန်ရေး အဖွဲ့က အင်းတော်မြို့နယ်တွင် ညမထွက်ရ အမိန့်ထုတ်ပြန်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်။
စစ်ကိုင်းတိုင်း၊ ကသာခရိုင်အတွင်းရှိ အင်းတော်မြို့နယ်တွင် နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ညမထွက်ရအမိန့် ထုတ်ပြန်လိုက်သည်။
အင်းတော်မြို့နယ်ကို အပြီးသတ်သိမ်းပိုက် ထိန်းချုပ်ထားသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) က နယ်မြေ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ညမထွက်ရအမိန့် ကို နိုဝင်ဘာလ ၁ ရက်နေ့မှစတင်ကာ ရက်အကန့် အသတ်မရှိ ထုတ်ပြန်လိုက်ကြောင်း Indaw Revolution (IR) အဖွဲ့က ထုတ်ပြန်သည်။
တော်လှန်ရေးအင်အားစုများ လွှမ်းမိုးထားသည့် အင်းတော်မြို့နယ်တွင် မကြာသေးမီက မှောင်ရိပ်ခို ခိုးဆိုး လုယက်မှုများ၊ မူးယစ်ရမ်းကားမှုများ များပြားလာခြင်းကြောင့် အဆိုပါပြစ်မှုများ လျော့ပါးစေရန်အတွက် ညအချိန် သွားလာခွင့်ကို ကန့်သတ်လိုက်ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
ထုတ်ပြန်ချက်အရ ဒေသခံပြည်သူများသည် ည ၈ နာရီမှ နံနက် ၄ နာရီအထိ မြို့နယ်အတွင်း ဖြတ်သန်းသွား လာခြင်း မပြုလုပ်ရန် ကန့်သတ်ထားသည်။
အမိန့်ထုတ်ပြန်ရခြင်း၏ အဓိကအကြောင်းရင်းနှင့် ပတ်သက်၍ အင်းတော် PDF နှင့် နီးစပ်သူတစ်ဦးက “အဓိက တော့ အင်းတော်မြို့နယ်မှာ ခိုးဆိုးလုယက်မှုတွေ များလာတယ်။ မူးယစ်ရမ်းကား သောင်းကျန်းတာတွေ များ လာတာကြောင့်ပါ။ ပြီးရင် အမှောင်ခိုပြီးတော့ မူးယစ်ဆေး သုံးစွဲတာတွေ၊ ခိုးမှုတွေ များလာတာပေါ့လေ။ ဒါ့ကြောင့် သူတို့အနေနဲ့ ဒီအကြောင်းအရာတွေ ပပျောက်အောင် ဆောင်ရွက်စရာရှိတဲ့အတွက် အမိန့်ထုတ်ပြန် လိုက်တာပေါ့” ဟု ပြောသည်။
သို့သော် ညမထွက်ရအမိန့် ထုတ်ပြန်ချက်အတွင်း တော်လှန်ရေး တပ်ဖွဲ့ဝင်များ၏ တာဝန်အရ သွားလာခြင်း နှင့် ပြည်သူများ အနေဖြင့် ကျန်းမာရေးအရ အရေးပေါ် သွားလာခြင်းများကိုမူ အဆိုပါ ကန့်သတ်ချက်မှ ကင်းလွတ် ခွင့် ပြုထားသည်။
“တော်လှန်ရေးတပ်တွေ တာဝန်အရ သွားလာခြင်းနဲ့ ပြည်သူတွေ အရေးပေါ် ကျန်းမာရေး အခြေနေအရ သွားလာခြင်းတွေတော့ ကန့်သတ်မှုမှာ မပါဝင်ဘူး” ဟုလည်း ၎င်းဒေသခံအဖွဲ့နှင့် နီးစပ်သူက ပြောသည်။
အင်းတော်မြို့နယ်သည် စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်အစပ်၊ ရွှေဘို – မြစ်ကြီးနား လမ်းမကြီးပေါ်တွင် တည်ရှိ သည့် ဗျူဟာမြောက် အချက်အချာကျသော မြို့နယ် ဖြစ်သည်။
တော်လှန်ရေး အင်အားစုများက အင်းတော်မြို့ကို ပြီးခဲ့သည့် ဧပြီလ ၇ ရက်နေ့တွင် အပြီးသတ် သိမ်းပိုက် ထိန်းချုပ်ခဲ့ပြီးနောက် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ၏ အုပ်ချုပ်ရေး ယန္တရားများ လည်ပတ်နေသော ဒေသတစ်ခုလည်း ဖြစ်သည်။
မြို့ကို သိမ်းပိုက်ပြီး နောက်ပိုင်း စစ်ကော်မရှင်တပ်က မြို့ပေါ်သို့ ပြန်လည် ထိုးစစ်ဆင်ခြင်း မရှိသေးဘဲ အခြေ အနေ ငြိမ်သက်နေသဖြင့် ဒေသခံများလည်း နေရပ်၌ ပြန်လည်နေထိုင်လျက်ရှိသည်။
သို့ရာတွင် ဒေသတွင်း တရားဥပဒေ စိုးမိုးရေး ထိခိုက်လာမှုများကြောင့် PDF အနေဖြင့် ယခုကဲ့သို့ အချိန်ကန့် သတ် ထိန်းချုပ်မှုများ ပြုလုပ်လာခြင်းဖြစ်သည်ဟု ဒေသခံအချို့က ဆိုသည်။
ဓါတ်ပုံ – အင်းတော် PDF အဖွဲ့ (Indaw Revolution (IR))