ပုဏ္ဏားကျွန်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား အနည်းဆုံး ၅ ဦး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်။
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကျေးရွာ အချို့ကို စစ်ကော်မရှင်တပ်က လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းများ ဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ကလေးအပါအဝင် အရပ်သား သေဆုံးမှု ၅ ဦးထက်မနည်း ရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။
စစ်ကော်မရှင်တပ်၏ နိုဝင်ဘာလ ၇ ရက်နေ့၊ နံနက်ပိုင်းတွင် လေကြောင်း၊ လက်နက်ကြီးနှင့် ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရပ်သား ၅ ဦး၊ သေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့သည် ဟု ဒေသခံများနှင့် ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။
အဆိုပါတိုက်ခိုက်မှုများသည် စစ်တွေမြို့နှင့် အစပ် နေရာအနီးတွင် စစ်ကော်မရှင်နှင့် အာရက္ခတပ်တော် (AA) တို့အကြား စစ်ရေးတင်းမာမှု မြင့်တက်နေချိန်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
နိုဝင်ဘာလ ၇ ရက်နေ့၊ နံနက် ၁၁ နာရီ အချိန်ခန့်တွင် စစ်တွေအခြေစိုက် ခမရ ၃၄၄ တပ်ရင်းမှ ပစ်ခတ်သော ၁၂၀ မမ လက်နက်ကြီးများ ကွမ်းတောင်ကျေးရွာသို့ ကျရောက်ပေါက်ကွဲခဲ့ရာ အသက် (၅၅) နှစ်အရွယ် အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့သည်။
ထို့နောက် နံနက် ၁၁ နာရီခွဲဝန်းကျင်၌ အောင်ဖြူပြင်ကျေးရွာကို အသေခံဒရုန်းဖြင့် ဗုံးနှစ်လုံးကြဲချ တိုက်ခိုက်မှု ကြောင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး၊ တစ်ပြိုင်နက်တည်းမှာပင် ယိုးတရုတ်ကျေးရွာထဲကို ဂျက်ဖိုက်တာ တိုက်လေယာဉ်ဖြင့် ဗုံးနှစ်လုံးကြဲချ တိုက်ခိုက်ခဲ့သည်။
ပုဏ္ဏားကျွန်းဒေသခံများ၏ ပြောပြချက်အရ ယိုးတရုပ်ကျေးရွာတွင် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား အမျိုးသားတစ်ဦးနှင့် အမျိုးသမီးလေးဦး အပါအဝင် ၅ ဦး သေဆုံးခဲ့ပြီး ၇ ဦး ဒဏ်ရာရရှိခဲ့သည်။
ထိခိုက်ဒဏ်ရာရရှိသူများမှာ လက်ရှိတွင် အရေးပေါ်ဆေးဝါးကုသမှု ခံယူနေကြရသည်။
ပုဏ္ဏားကျွန်းလူငယ်များ အစည်းအရုံး တာဝန်ရှိသူက “မနက် ၁၁ နာရီကျော် လောက်ကတည်းက လေကြောင်း တိုက်ခိုက်ခံရတာဗျ၊ ကျနော်တို့ ယိုးတရုတ်ရွာ ဗုံးကြဲတိုက်ခိုက်ခံရတာဗျ။ လူကတော့ ၅ ယောက် သေတယ်။ ၇ ယောက် ဒဏ်ရာ ရတယ်။ ဆေးကုသရေးလည်း အကုန်လုံးက ကျပ်တည်းနေတော့ အကူအညီတွေ လိုအပ်နေ ကြတယ်။ လူတွေကတော့ ထွက်ပြေး ကြတာပေါ့ဗျာ။ ရွာကနေ လူတွေအားလုံးက ထွက်ပြေးကြတာပေါ့ဗျာ” ဟု ပြောသည်။
စစ်ကော်မရှင်သည် ရှမ်းပြည် မြောက်ပိုင်း၌ ညီနောင်မဟာမိတ်သုံးဖွဲ့ထဲက ကိုးကန့်တပ်မတော် MNDAA၊ တအာင်းတပ် TNLA တို့နှင့် စစ်ရေး အပစ်အခတ်ရပ်စဲပြီးသည့်နောက် စစ်ဆင်ရေးနယ်မြေ အချို့ကျုံ့သွားခြင်းကို အခွင့်ကောင်းယူကာ ရခိုင်ပြည်ဘက်သို့ စစ်ရေးအရှိန် မြှင့်လာသည်ဟု AA က အောက်တိုဘာလ ၃၁ ရက်နေ့ တွင် သတိပေးထုတ်ပြန်ထားသည်။
အထက်ပါ ပုဏ္ဏားကျွန်းလူငယ်များ အစည်းအရုံး တာဝန်ရှိသူက “အခုလို အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တာကို ကျနော်တို့က ကန့်ကွက်ရှုတ်ချတယ်။ စစ်ကို စစ်လိုပဲ တိုက်စေချင်တယ်။ ဒီလို ဟိုယောင် ယောင် ဒီယောင်ယောင်နဲ့ အရပ်သား ပြည်သူတွေကို ဒုက္ခပေးတာမျိုးတော့ မလုပ်စေချင်ဘူး” ဟု ဆက် ပြောသည်။
အောက်တိုဘာလ ၃၁ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ ပန်းနီလာကျေးရွာကို စစ်ကော်မရှင်တပ်က ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ကလေးငယ်အပါအဝင် ၄ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရခဲ့သေးသည်။
စစ်ကော်မရှင်တပ်၏ လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီး တိုက်ခိုက်မှုများ မကြာခဏ ဖြစ်ပွားနေခြင်းကြောင့် ဒေသခံများကြား စိုးရိမ်ထိတ်လန့်မှုများ မြင့်တက်နေသည်။
ပုဏ္ဏားကျွန်းမြို့နယ်သည် စစ်ကော်မရှင်တပ်၏ စစ်အုပ်ချုပ်ရေး ကြေညာထားသည့် မြို့နယ် ၆၃ မြို့နယ်ထဲတွင် ပါဝင်နေပြီး၊ လက်ရှိတွင် စစ်တွေ – ပုဏ္ဏားကျွန်းနယ် အစပ်တလျှောက်တွင် စစ်ရေးတင်းမာမှုများ ဆက်လက် ဖြစ်ပေါ်နေဆဲ ဖြစ်သည်။
ဓါတ်ပုံ – ပုဏ္ဏားကျွန်းလူငယ်များ အစည်းအရုံး