နေအိမ်လူ စာရင်း ကောက်ခံမှုအတွက် ရွာခံများ စိုးရိမ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်။
ထားဝယ်ခရိုင်အတွင်းရှိ ကျေးရွာများတွင် နေအိမ်လိုက် စာရင်းကောက်ယူပြီး မိသားစုဓာတ်ပုံများ ရိုက်ယူခြင်း ကို စစ်ကော်မရှင်တပ်က ပြုလုပ်ခဲ့ရာ၊ ဒေသခံများအား စောင့်ကြည့်ထောက်လှမ်းသွားမည်ကို စိုးရိမ်နေကြသည်။
ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ ရှင်မုတ္ထီးကျေးရွာတွင် စစ်ကော်မရှင် တပ်ဖွဲ့ဝင်များသည် လုံခြုံရေးအပြည့်ဖြင့် ဝင်ရောက်ကာ အချို့နေအိမ်များမှ မိသားစုဝင်အားလုံးကို ဓာတ်ပုံရိုက်၍ လူဦးရေစာရင်းများကို လိုက်လံကောက် ယူသွားကြောင်း ဒေသခံရွာသားများက ပြောသည်။
နိုဝင်ဘာလ ၆ ရက်နေ့၊ နံနက် ၁၀ နာရီခန့်တွင် စစ်ကော်မရှင် တပ်ဖွဲ့ဝင်များသည် မြေတင်ကားများဖြင့် ရောက်ရှိ လာပြီး ကျေးရွာဘုန်းကြီးကျောင်းတွင် ယာယီတပ်စွဲကာ ယင်းလုပ်ငန်းကို စတင်ခဲ့ခြင်းဖြစ်သည်။
ကျေးရွာတစ်ရွာလုံးကို စာရင်းကောက်ယူခြင်းမျိုး မဟုတ်ဘဲ ရှင်မုတ္ထီးရွာလယ်လမ်းမကြီးအတွင်းရှိ နေအိမ်များ ကိုသာ ရွေးချယ် စာရင်းကောက်ယူသွားခဲ့ခြင်း ဖြစ်သည်ဟု ရွာသားများက ဆိုသည်။
ဒေသခံတစ်ဦး၏ ပြောပြချက်အရ စစ်ကော်မရှင်တပ်၏ လုပ်ရပ်သည် ရိုးရှင်းသော စာရင်းကောက်ယူမှုမျိုး မဟုတ်ဘဲ လုံခြုံရေးတင်းကျပ်စွာ ချထားကာ အရပ်သားများ၏ ကိုယ်ရေးအချက်အလက်များကို ရယူခြင်းဖြစ် သည်။
အသက် ၄၅ နှစ်အရွယ် ရွာသားတစ်ဦးက “စာရင်းကောက်တာက ရွာလယ်လမ်း တစ်လမ်းတည်းပါပဲ၊ အဲဒီလမ်း ထဲက အိမ်တွေမှာရှိတဲ့ မိသားစုဝင်တွေ အားလုံးကို ဓာတ်ပုံရိုက်သွားတယ်၊ ဘာအတွက်ရိုက်တာလဲဆိုတာတော့ မပြောသွားဘူး” ဟု ပြောသည်။
စစ်ကော်မရှင် တပ်ဖွဲ့ဝင်များက ကင်းများချထားပြီးနောက် အရပ်ဝတ်ဝတ်ဆင်ထားသူ အချို့က စာရင်းနှင့် ဓာတ်ပုံ ကောက်ယူခြင်းကို ပြုလုပ်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
စစ်ကော်မရှင် တပ်ဖွဲ့ဝင်များသည် ရှင်မုတ္ထီးကျေးရွာ ပတ်ဝန်းကျင် အနီးတစ်ဝိုက်တွင် နေရာယူထားခဲ့ပြီးနောက် နိုဝင်ဘာလ ၇ ရက်နေ့၊ ညနေပိုင်းတွင်မှ ရွာမှ ပြန်လည် ထွက်ခွာသွားခဲ့သည်ဟု ရွာသားများက ပြောသည်။
အလားတူ စာရင်းကောက်ယူမှုများသည် ထားဝယ်ခရိုင် အတွင်းရှိ လောင်းလုံးမြို့နယ်နှင့် ရေဖြူမြို့နယ်ရှိ ကျေးရွာအချို့တွင်လည်း ယခုရက်ပိုင်းအတွင်း ဆက်တိုက်ပြုလုပ်နေကြောင်း ဒေသတွင်း သတင်းများက ဖော်ပြ သည်။
စစ်ကော်မရှင်တပ်သည် ၎င်းတို့၏ ထိန်းချုပ်နယ်မြေများတွင် လူပုဂ္ဂိုလ် စိစစ်ရေးနှင့် စောင့်ကြည့်လေ့လာရေး စနစ် (PSMS) အပါအဝင် ဒီဂျစ်တယ် နည်းပညာများကို အသုံးပြု၍ ပြည်သူလူထုအား စောင့်ကြည့်ထောက်လှမ်း ရန် ကြိုးပမ်းနေကြောင်း အသံအဖွဲ့ကဲ့သို့သော အရပ်ဘက်အဖွဲ့အစည်းများက ထုတ်ပြန်ထားသည်။
ထားဝယ်ဒေသရှိ နေအိမ်လိုက် ဓာတ်ပုံရိုက်၍ စာရင်းကောက်ယူခြင်းသည် နိုင်ငံသားများ၏ ဇီဝဆိုင်ရာ အချက် အလက် (Biometric Data) များ ရယူစုဆောင်းကာ ဒေသခံများ၏ လှုပ်ရှားမှုများကို ထိန်းချုပ်ရန် ရည်ရွယ်သည့် လုပ်ရပ်ဖြစ်ကြောင်း နိုင်ငံရေး လေ့လာသူများက သုံးသပ်ကြသည်။
ယင်းလုပ်ရပ်များသည် ဒေသခံပြည်သူများအကြား စိုးရိမ်ပူပန်မှုနှင့် မလုံခြုံမှုများကို ပိုမိုမြင့်တက်စေခဲ့သည်။