ရှမ်းတောင် စစ်ရှောင်များ ထွက်ပြေး တိမ်းရှောင်ရပြန်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၄ ရက်။
စစ်ကောင်စီတပ်နှင့် ပအိုးဝ်ပြည်သူ့စစ်များ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသောကြောင့် ရှမ်းတောင်က စစ်ရှောင်ပြည်သူများ ဖယ်ခုံမြို့နယ်ထဲရှိ စစ်ဘေးလွတ်သည့် နေရာများနှင့် ကရင်နီပြည်ထဲကို ထွက်ပြေးတိမ်းရှောင်နေကြရသည်။
ရှမ်းတောင်၊ ဖယ်ခုံမြို့နယ်ထဲက ဖယ်ခုံအင်း အရှေ့ခြမ်းရှိ ဆောင်နန်းခဲ၊ လွယ်ပေါ၊ နမ့်ပေါ်လုံ၊ လဟယ်၊ ပိန္နဲကုန်း အပါအဝင် အခြားသော ကျေးရွာများက စစ်ရှောင်ပြည်သူ ၆,၀၀၀ ခန့် နေရပ်မှ စွန့်ခွာထွက်ပြေး လာကြခြင်း ဖြစ်သည်။
ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC အတွင်းရေးမှူး-၂ ဦးဗညားက “လောလောဆယ် ကျနော်တို့ အုပ်ချုပ်ရေး နယ်မြေထဲက ဒီမောဆိုမြို့နယ်နဲ့ ဖယ်ခုံမြို့နယ်ထဲ ရွှေ့ပြောင်းနေကြတယ်။ စစ်ရှောင် ၆၀၀၀ ဝန်း ကျင် ရောက်လာတယ်” ဟု ပြောသည်။
ရှမ်း-ကရင်အစပ်က ဖယ်ခုံမြို့နယ်ထဲသို့ စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNO) ပူးပေါင်းအဖွဲ့က အင်အား အလုံးအရင်းနှင့် စစ်ကြောင်းထိုး ဝင်လာသောကြောင့် ယခုကဲ့သို့ ဘေးလွှတ်ရာကို တိမ်းရှောင်လာကြ ခြင်း ဖြစ်သည်။
အဆိုပါ ရှမ်းတောင်က စစ်ရှောင် ၆,၀၀၀ ကျော်အတွက် အရေးပေါ် အကူအညီများ လိုအပ်နေသည်ဟု ဦးဗညား က ဆက်ပြောသည်။
“လောလောဆယ်တော့ အမိုးအကာ၊ သောက်သုံးရေ၊ နေရာထိုင်ခင်း၊ ပြီးတော့ ရွှေ့ပြောင်းဖို့အတွက် ဓာတ်ဆီနဲ့ စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေပါတယ်။”
ဇွန်လဆန်းပိုင်းမှ စတင်၍ ရှမ်း-ကရင်နီ အစပ်တွင် စစ်ကောင်စီတပ်နှင့် ကရင်နီတော်လှန်ရေး ပူးပေါင်းအဖွဲ့တို့ ကြား စစ်ရေးတင်းမာမှုများ ပြန်လည် မြင့်တက်လာနေပြီး ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းကျေးရွာကို စစ်တပ် နှင့် PNO ပူးပေါင်းတပ်က ထိန်းချုပ်ထားလိုက်သည်။
ဇွန်လ ၇ ရက်နေ့က စတင်၍ ဖယ်ခုံမြို့နယ်ဘက်ကို အင်အား ၁,၀၀၀ ခန့်ဖြင့် ဆက်လက် စစ်ကြောင်းထိုးနေပြီး ကျေးရွာများထဲသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများပါ ဆက်တိုက်လုပ်နေသည်ဟု မြေပြင် သတင်း အရင်း အမြစ်များက ပြောသည်။
အလားတူ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ ရေပူကျေးရွာအနီးတွင်လည်း တိုက်ပွဲများ ပြင်းထန်လျက် ရှိသည်။
တော်လှန်ရေး တပ်ဖွဲ့များကလည်း တိုက်ပွဲဖြစ်ပွားရာ အနီးဝန်းကျင်ရှိ ပြည်သူများ အနေဖြင့် မိမိတို့၏ လုံခြုံရေး အတွက် စစ်ရေးသတိပေးချက်များကို အထူးဂရုပြု လိုက်နာဆောင်ရွက်ကြရန် မေတ္တာရပ်ခံကြောင်း ထုတ်ပြန် ထားသည်။
စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုများနှင့် လေကြောင်းမှ တိုက်ခိုက်မှုများကြောင့် ဇွန်လအတွင်း ဖယ်ခုံမြို့နယ်ထဲတွင် အရပ်သားပြည်သူ ၃ ဦး၊ သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖယ်ခုံ ပြည်သူ့ကာကွယ် ရေးတပ် (PDF) တပ်ရင်း ၁၀၀၆ က ဇွန်လ ၁၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
ထိခိုက်သေဆုံးသူ အများစုမှာ ကလေးသူငယ်များနှင့် အမျိုးသမီးများဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရှမ်း-ကရင်နီ အစပ်ရှိ ဖယ်ခုံဒေသမှာ စစ်ရေး၊ စီးပွားရေးအရ အချက်အချာကျသည့် နေရာဖြစ်သောကြောင့် နှစ်ဖက်တပ်များက ထိန်းချုပ်နိုင်ရေး အပြိုင်အဆိုင် ကြိုးပမ်းနေကြခြင်း ဖြစ်သည်။