ဖရူဆို- ဘောလခဲ လမ်းမကြီး ရက်အကန့်အသတ်မရှိ ပိတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်။ 

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်ထဲတွင် စစ်ကော်မရှင်တပ်နှင့် ကရင်နီ တော်လှန်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲများ ဖြစ်ပွားနေသောကြောင့် ပြည်သူ့လုံခြုံရေးအတွက် အရေးကြီး လမ်းမကြီးတစ်ခုကို ပိတ်ဆို့လိုက်ရသည်။

ဖရူဆိုမြို့နယ်အတွင်း စစ်ကော်မရှင်တပ်များက ထိုးစစ်များ ပြန်လည်စတင်လာခြင်းနှင့်အတူ အရပ်သား ပြည်သူ များ၏ လုံခြုံရေး အန္တရာယ် မြင့်တက်လာသောကြောင့် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ (KNDF) က အရေးပါသော လမ်းမကြီးတစ်ခုကို နိုဝင်ဘာလ ၆ ရက်နေ့မှ စတင်၍ ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း အသိပေး ထုတ်ပြန်သည်။

နိုဝင်ဘာလ ၃ ရက်နေ့မှ စတင်ကာ ဖရူဆိုမြို့နယ်၊ မာခရော်ရှေ့ကျေးရွာဘက်မှ စစ်ကော်မရှင် တပ်ဖွဲ့ဝင်များသည် ထားလဲဘက်သို့ ဦးတည်ပြီး စစ်ကြောင်းထိုး လှုပ်ရှားမှုများ ပြန်လည်ပြုလုပ်လာခဲ့ပြီး မြေပြင်၌ တော်လှန်ရေး တပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေသည်ဟု မြေပြင်သတင်းရင်းမြစ်များက အတည်ပြု သည်။

မြေပြင် စစ်ရေးအခြေအနေ တင်းမာလာမှုကြောင့် KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနမှ အရေးပေါ် အသိပေးချက်ကို နိုဝင်ဘာလ ၅ ရက်နေ့ တွင် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ဖရူဆို – ထားလဲ – နန်းဖဲ – ဘောလခဲ လမ်းမကြီးတစ်လျှောက်နှင့် လမ်းသွယ်များအားလုံးကို နိုဝင်ဘာလ ၆ ရက်နေ့မှစ၍ ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လမ်းပိတ်ဆို့ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ အရပ်သားပြည်သူများ စစ်ရေးနယ်မြေထဲ မရောက်ရှိစေရန်နှင့် စစ်ကော်မရှင်တပ်၏ ပစ်မှတ်ထား တိုက်ခိုက်မှုများမှ ရှောင်ရှားနိုင်ရန်ဖြစ်သည်။

KNDF ၏ သတိပေးချက်တွင် စစ်ကော်မရှင်တပ်၏ လုပ်ရပ်များသည် အရပ်သားများကိုပါ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေကြောင်း အလေးပေးဖော်ပြထားသည်။

ကရင်နီတော်လှန်ရေးအဖွဲ့နှင့် အရပ်ဘက် အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များအရ၊ စစ်ကော်မရှင်သည် ဒေသခံပြည်သူများ စပါးရိတ်နေသည့် တောင်သူများကဲ့သို့ အရပ်သားပစ်မှတ်များကိုပင် ဒရုန်းနှင့် လက်နက်ကြီး များသုံးပြီး ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေသည်။ 

၎င်းတို့သည် ဒေသခံပြည်သူများ စိုက်ပျိုးသီးနှံများ မရိတ်သိမ်းနိုင်စေရန်နှင့် စားနပ်ရိက္ခာ ပြတ်လပ်စေရန် ကြိုးပမ်းနေကြောင်း သတိပေးထားသည်။

ဖရူဆိုမြို့နယ်ရှိ ဒေါညေးခူနှင့် ဒေါကူးခူကျေးရွာ အကြားရှိ လူနေအဆောက်အအုံများကိုလည်း စစ်ကော်မရှင် ဘက်မှ ဒရုန်းဖြင့် ဗုံးကြဲချ မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့သည့် မှတ်တမ်းများလည်း ရှိခဲ့သည်။

ကရင်နီတပ်မတော် (KA) စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က စပါးရိတ်တဲ့ လူထုတွေကို ဒရုန်းနဲ့ ကြဲချနေတာ တော့ရှိတယ်။ ဖရူဆိုမြို့နယ်ပေါ့နော်၊ ဒရုန်းနဲ့ လာချတာတွေတော့ရှိတယ် ဟု ပြောသည်။

မြေပြင်က အခြေအနေနှင့် ပတ်သက်၍ စစ်ရှောင် အမျိုးသမီးတစ်ဦးက လုံခြုံမှုမရှိဘူး။ အခုတောင်မှ လာ လာ ထုနေတာ။ ထုတာတော့ ရွာနားမှာပဲ။ ဘယ်နေရာမှာပဲ နေနေ လုံခြုံမှုမရှိဘူး။ စိတ်ထိခိုက်တာပေါ့ တစ်ခါ တစ်လေ လေယာဉ်ညပိုင်းလာရင်ပိုဆိုး အိပ်မရတော့ဘူးလေ ဟု ပြောသည်။

ဖရူဆိုမြို့နယ်သည် လွိုင်ကော် – ဘောလခဲ – ဖားဆောင်း ပြည်ထောင်စု လမ်းမကြီးပေါ်တွင် တည်ရှိသည့် အတွက် စစ်ရေးအရ အလွန်အရေးပါသော နေရာတစ်ခုဖြစ်သည်။ 

စစ်ကော်မရှင်တပ်များသည် လွိုင်ကော်နှင့် ဖယ်ခုံ/မိုးဗြဲဘက်မှ ညှပ်၍ ကရင်နီပြည် အလယ်ပိုင်းဒေသ (ဖရူဆို အပါအဝင်) ကို ပြန်လည်ထိန်းချုပ်ရန် ကြိုးပမ်းနေကြောင်း တော်လှန်ရေးတပ်ဖွဲ့များက သုံးသပ်သည်။

KNDF က အဆိုပါ ပိတ်ဆို့ထားသော လမ်းမကြီးကို အသုံးပြု သွားလာခြင်း လုံးဝ မပြုလုပ်ကြရန်နှင့်၊ စစ်ရေး အန္တရာယ်များကို အထူးသတိပြုကြရန် ပြည်သူလူထုကို သတိပေးထားသည်။