ကျောက်ဖြူ သိုင်းချောင်းတောင် အပြင်းအထန် တိုက်ပွဲဖြစ်ပွား၊ စစ်တပ် အင်အား ၃၀၀ ထပ်မံဖြည့်တင်း
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်။
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ စစ်ရေးအရ အရေးပါသော သိုင်းချောင်းတောင်ကုန်းကို ပြန်လည်ရယူနိုင်ရန် အတွက် စစ်ကော်မရှင်တပ်မှ နိုဝင်ဘာလဆန်းမှ စတင်၍ အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်လျက်ရှိသည်။
စစ်ကော်မရှင်တပ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လျက်ရှိရာ အာရက္ခတပ်တော် (AA) နှင့် နှစ်ဖက်ကြား တိုက်ပွဲများ ပြင်းထန်နေကြောင်း မြေပြင်သတင်းရင်းမြစ်များ၏ ပြောပြချက်အရ သိရသည်။
မြေပြင်သတင်းရင်းမြစ်တစ်ဦးက “စစ်တပ်ဟာ အကျအဆုံး အရမ်းများလာလို့ အခုလို စစ်သား အင်အားတွေ ထပ်ဖြည့်နေရတာ။ ဒါပေမဲ့ သူတို့က မြေပြင်ထက် ဝေဟင်လေကြောင်းပစ်ကူနဲ့ နည်းပညာကိုပဲ ပိုအားကိုးနေရ တယ်” ဟု ပြောသည်။
စစ်ကော်မရှင်တပ်သည် တိုက်ပွဲများတွင် အကျအဆုံး များပြားလာမှုကြောင့် စစ်သား ၃၀၀ နီးပါးနှင့် လက်နက် ခဲယမ်းများကို ရေတပ် (Navy) မှတစ်ဆင့် ကျောက်ဖြူဆိပ်ကမ်းသို့ တင်ဆောင်ကာ အမှတ် (၃၂) ရဲတပ်ရင်းရှိရာ ဂုံးချွိန်တိုက်နယ်သို့ ထပ်မံဖြည့်တင်းခဲ့သည်။
ဒေသခံတစ်ဦးက “စစ်ကော်မရှင်ဟာ ရေ၊ ဝေဟင်၊ မြေပြင် အင်အားသုံးပြီး AA ဆီက နယ်မြေတွေ ပြန်ရဖို့ ရည်ရွယ်ချက်ရှိရှိနဲ့ အရှိန်မြှင့် တိုက်ခိုက်လာနေတာကို တွေ့ရပါတယ်” ဟု သုံးသပ်သည်။
အမြင့်ပေ ၁,၀၀၀ ခန့်ရှိသော သိုင်းချောင်းတောင်သည် စစ်ရေးအရ အလွန်အရေးပါပြီး စစ်ကော်မရှင်တပ်၏ အမှတ် (၃၂) ရဲတပ်ရင်း (ဒိုးတန်းတောင်) နှင့် ၅ မိုင်သာ ကွာဝေးသည်။
AA မှ အဆိုပါ နေရာကို ထိန်းချုပ်ထားခြင်းသည် ရဲတပ်ရင်းအပြင် ကျောက်ဖြူမြို့ ကိုပါ စစ်ရေးအရ ခြိမ်းခြောက်နေခြင်း ဖြစ်သောကြောင့် စစ်ကော်မရှင်တပ်က အပြင်းအထန် တိုက်ခိုက်နေရခြင်းဖြစ်သည်။
ရှမ်းမြောက်ဒေသတွင် တိုက်ပွဲများ ငြိမ်သက်သွားပြီးနောက်၊ စစ်ကော်မရှင်တပ်သည် ရေပြင်၊ ဝေဟင်၊ မြေပြင် မှ အင်အားအလုံးအရင်းဖြင့် AA ထံမှ နယ်မြေများ ပြန်ရရှိရေး အရှိန်မြှင့် တိုက်ခိုက်လာနေသည်ဟု စစ်ရေးလေ့ လာသူ အချို့က သုံးသပ်နေကြသည်။