တိုက်ပွဲများ ဖြစ်ပွားလာနေခြင်းကြောင့် ဒီးမော့ဆို စစ်ရှောင်များ ထပ်မံ စစ်ဘေးရှောင်ရမည်ကို စိုးရိမ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်။ 

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်း စစ်ကော်မရှင်တပ်၏ ထိုးစစ်ဆင်မှုကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလာနေသည့်အတွက် ထပ်မံ၍ စစ်ရှောင်ရမည်ကို စိုးရိမ်နေကြရသည်ဟု ဒေသခံများနှင့် စစ်ရှောင်ပြည် သူများက ပြောသည်။

ရွေးကောက်ပွဲ ဖြစ်မြောက်ရေး အတွက် နယ်မြေများ ပြန်လည် ထိန်းချုပ်နိုင်ရန် ဩဂုတ်လမှစ၍ စစ်ကော်မရှင် တပ်က ဒီးမော့ဆိုမှ ဖရူဆိုမြို့ လမ်းမကြီးတစ်လျှောက် ထိုးစစ်ဆင်လာသဖြင့် ဒီးမော့ဆိုမြို့နယ် အတွင်း နှစ်ဖက် ကြား တိုက်ပွဲများ ပြင်းထန်လာနေခြင်း ဖြစ်သည်။

ထို့သို့ နှစ်ဖက် ထိတွေ့တိုက်ပွဲများ ပြင်းထန်လာသည့်အတွက် စစ်ကော်မရှင်က စစ်ရေးပစ်မှတ် အရပ်သား ပစ်မှတ် မခွဲခြားဘဲ လက်နက်ကြီး၊ ဒရုန်းနှင့် လေကြောင်း တိုက်ခိုက်မှုများ ပိုမိုပြုလုပ်လာမည်ကို စိုးရိမ်နေကြ သည်ဟု ဒီးမော့ဆိုအနောက်ခြမ်းက စစ်ရှောင်များက ပြောသည်။

စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက လေယာဉ်ဆိုလည်း နေ့တိုင်းဝဲနေ။ ဒရုန်းသံဆိုလည်း တစ်ခါလေ ကြား တယ်။ လက်နက်ကြီးသံလည်း နေ့တိုင်းလိုလို ကြားတယ်။ စိုးရိမ်စရာတွေတော့ အမျာကြီးပေါ့နော်။ သူတို့က လျှောက်ကြဲမယ်လို့လည်း ကြားတယ်။ စစ်ရှောင်တို့ ကျောင်းတို့နေရာကို လိုက်ကြဲမယ်လို့လည်း ကြားတယ်။ အဲ့ဒါကြောင့်မို့လို့ လေယာဉ် လာတယ်ဆိုရင် စိုးရိမ်ရတယ် ဟု ပြောသည်။

လက်နက်ကြီး၊ ဒရုန်း၊ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများကြောင့် စာသင်ကျောင်များကိုလည်း မကြာခဏ ပိတ် ထားရလေ့ရှိသည်ဟု အဆိုပါ စစ်ရှောင်အမျိုးသမီးက ဆက်ပြောသည်။

အဓိက ကလေးတွေပေါ့နော်။ ပညာရေး အဓိက ဦးစားပေးချင်တယ်။ ပြီးလို့ရှိရင် ကောင်းကောင်းနဲ့ ပြီးဆုံး စေ ချင်တယ်။ အခုက ကျောင်းဖွင့်လိုက် ပိတ်လိုက်ဆိုတော့ သူတို့လည်း ဒီတစ်သက်တော့ ကျောင်းပြီးနိုင်မှာ မဟုတ် ဘူး ထင်တယ်။ လေယာဉ်က နေ့တိုင်းဝဲ ကျောင်းက တစ်ချိန်လုံးပိတ် ဆိုတော့ အဆင်မပြေဘူးလေ။” 

စစ်ရေး ပြင်းထန်လာမှုများကြောင့် လူထုအနေဖြင့် လုံခြုံရေးအရ တစ်နေရာမှ တစ်နေရာသို့ သွားလာရန်နှင့် လုပ်ငန်းများ လုပ်ရန်လည်း အခက်အခဲများနှင့် ရင်ဆိုင်နေကြရသည်ဟု ကရင်နီပြည် ကြားကာလ အုပ်ချုပ် ရေးကောင်စီ အတွင်းရေးမှူး – ၂ ဦးဗညားက ပြောသည်။

စစ်ရေးက ပိုတင်းမာလာတယ်။ နောက်စစ်ရေးကလည်း ပိုကျယ်ပြန့်လာတယ်ပေါ့နော်။ အဲ့ကြောင့်မို့ လူထု တွေက ပိုပြီးတော့မှ စိုးရိမ်ပူပန်စိတ် ရှိတယ်ပေါ့။ အထူးသဖြင့် ကျန်းမာရေးဆိုင်ရာအရ သွားလာရတာ အခက် အခဲပိုရှိ သွားတယ်။ တချို့နေရာဆိုရင် ဥပမာ ဒီးမော့ဆိုအရှေ့နဲ့ ဒီးမော့ဆိုအနောက် ကူးဆက်သွားဖို့ အရမ်း ခက်ခဲ သွားတယ်ပေါ့နော်။ ပုံမှန် ကူးသန်းရောင်းဝယ်ရေးလည်း လုပ်လို့ မရတော့သလို လူနာတွေကို ပို့တာတွေ လူနာနဲ့ ပတ်သက်ပြီးတော့ ကျန်းမာရေးဆိုင်ရာ ကုသမှုတွေ နောက်ပြီးတော့မှ သာရေးနာရေး ကိစ္စတွေမှာ သွား လာဆက်ဆံလို့ မရတဲ့ ပုံစံဖြစ်သွားတာပေါ့။

မြေပြင်က စစ်ရေး အခြေအနေများကြောင့် ဖရူဆို – ထားလဲ – နန်းဖဲ လမ်းမကြီး အပါအဝင် လမ်းသွယ်များ အားလုံးကို စက်တင်ဘာလ ၂၃ ရက်နေ့မှစ၍ ရက်အကန့်အသတ်မရှိ ပိတ်ထားမည် ဖြစ်ကြောင်းနှင့် လွိုင်ကော် – ဒီးမော့ဆို – ဖရူဆို – ဘောလခဲ လမ်းမကြီးကိုလည်း အသုံးပြုသွားလာခြင်း မလုပ်ကြရန် ကရင်နီတော်လှန်ရေး အဖွဲ့များက အသိပေး ထုတ်ပြန်ထားသည်။

တိုက်ပွဲများနှင့် စစ်ကော်မရှင်တပ်၏ လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီး တိုက်ခိုက်မှုများကြား ကာလကြာရှည် နေထိုင်ကြရသည့် စစ်ရှောင်များသည် အသက်အန္တရာယ်အပြင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများပါ ရှိလာနေကြသည်။

စစ်ရှောင် အမျိုးသမီးတစ်ဦးက အခုဆိုတိုက်ပွဲလည်း ရက်တိုင်းလိုလိုဖြစ်တယ်။ မနက်ဆိုလည်း ဒုန်းဒုန်း ဒိုင်း ဒိုင်းနဲ့။ လေယာဉ်ဆိုလည်း အမြဲ နားစွင့်ပြီးနေရတယ်။ လက်နက်ကြီးသံလည်း နေ့တိုင်း လိုလိုကြားတယ်။ စိုးရိမ်စရာတွေတော့ အမျာကြီးပေါ့နော်။ ဒီမှာကလူထုတွေ တအားထူထပ်တော့ အဆင်မပြေတော့ဘူး။ တစ် နေ့က ဆိုလည်း လက်နက်ကြီးတွေ ထုလာတယ်။ အစ်မတို့ဆို မအိပ်ဘဲနဲ့ အောက်ပြေးဆင်း ပြီးတော့ ဗုံးခိုကျင်း ဘေးမှာ သွားနေ လက်နက်ကြီးလာတော့ ကိုယ့်နားမှာ မီးနီနီနဲ့လာ အဲ့လိုမျိုးဆို ကြောက်ရတယ်။ အခုဆို စစ် သားလည်း တော်တော်လေး နီးလာပြီးကော။ ပြေးစရာနေရာလည်း ကုန်ပြီ မရှိတော့ဘူးလေ ဟု ပြောသည်။ 

တိုက်ပွဲ အခြေအနေများကြောင့် လွိုင်နန်းဖမြို့နယ်၊ ဒီးဘောင်းခူမြို့နယ်နှင့် နန်းမယ်ခုံမြို့နယ်အတွင်း စစ်ရေးအရ သွားလာ လှုပ်ရှားနေသည့် တပ်ဖွဲ့များနှင့် အရေးပေါ် ကျန်းမာရေး (နာရေး) လိုအပ်ချက်အရ သွားလာရမည့် သူများမှ အပ မည်သူမဆို လုံခြုံရေးအရ ည ၉ နာရီ မှ နံနက် ၄ နာရီအတွင်း  သွားလာ လှုပ်ရှားခြင်း မပြုကြရန် သက်ဆိုင်ရာ မြို့နယ်ပူးပေါင်း အုပ်ချုပ်ရေး ကော်မတီက စက်တင်ဘာလ ၂၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ကရင်နီပြည်ရှိ ပြည်သူများအနေဖြင့် သက်ဆိုင်ရာ ဒေသတွင်း တပ်ရင်းတပ်ဖွဲ့များ၏ ထုတ်ပြန်ထားချက်များကို လိုက်နာကြရန်နှင့် စစ်ရေးသတိရှိကြရန် ကရင်နီတော်လှန်ရေးတပ်များက အသိပေး ပြောဆိုထားသည်။