ထားဝယ်ထောင်တွင် နိုင်ကျဉ်းတစ်ဦး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်။
တနင်္သာရီတိုင်း၊ ထားဝယ်မြို့ရှိ အကျဉ်းထောင်တွင် အသက် ၄၈ နှစ်အရွယ် နိုင်ငံရေး အကျဉ်းသား ဖြစ်သူ ကိုအောင်ကိုဦး သေဆုံးသွားသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ယက် (PPNM)က ထုတ်ပြန်သည်။
သေဆုံးချိန်တွင် ပြင်ပ ဆေးရုံတွင် ကုသခွင့်ရခဲ့သော်လည်း အကျဉ်းထောင်တွင်း လုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှု မရရှိခြင်းကြောင့် နှလုံး၊ ဆီးချို၊ ကျောက်ကပ် ရောဂါများဖြင့် သေဆုံးခဲ့ရခြင်း ဖြစ်သည်ဟု PPNM က ပြောသည်။
PPNM ဦးဆောင် ကော်မတီဝင် ကိုသိုက်ထွန်းဦးက “မကျဆုံးခင်မှာ အကျဉ်းထောင် ပြင်ပမှာရှိတဲ့ ဆေးရုံကို တက်ရောက် ကုသခွင့် ရပါတယ်။ ဘာလို့လဲဆိုတော့ ထားဝယ်အကျဉ်းထောင်မှာ ထောင်ဆေးရုံ မရှိဘဲနဲ့ ဆရာ ဝန်လည်း မရှိဘူးပေါ့။ ဒါကြောင့်မို့လို့ ကျန်းမာရေး မကောင်းတဲ့လူ၊ နာတာရှည်သမားတွေ အတွက်ကတော့ ထောင်ထဲမှာ ကုသနိုင်တဲ့ အခြေအနေ မရှိတဲ့အတွက် ပြင်ပဆေးရုံကို ပို့ဆောင်ပြီးမှ ကုသခွင့်ရပြုနေရတဲ့ အခြေ အနေတစ်ခု ဖြစ်ပါတယ်ခင်ဗျာ။ အဲတော့ ဆုံးသွားတာကလည်း အကျဉ်းထောင်ပြင်ပမှာ ဆုံးသွားတယ်လို့ စုံစမ်း သိရှိရပါတယ် ခင်ဗျာ” ဟု ပြောသည်။
၎င်းမှာ ရောဂါခံကြောင့် မသေဆုံးမီကတည်းက မကြာခဏ ဆေးကုသမှု ခံယူနေရပြီး အောက်တိုဘာလ ၃ ရက်နေ့၌ ရုတ်တရက် ရောဂါဖောက်၍ သေဆုံးခဲ့ရသည်ဟု ဆိုသည်။
အကျဉ်းထောင်တွင်းရှိ တာဝန်ရှိသူများ အနေဖြင့် အကျဉ်းသားများအား လုံလောက်သည့် ကျန်းမာရေး စောင်ရှောက်မှုကို အချိန်နှင့် တပြေးညီ ပေးရန်လိုအပ်နေသည်ဟု ကိုသိုက်ထွန်းဦးက အကြံပြုသည်။
“အဓိကအားဖြင့် ထောင်တွင်းသေဆုံးမှု လျော့ကျဖို့အတွက်ဆိုရင် လက်ရှိအခြေအနေမှာ လက်တွေ့ကျကျ ဆောင်ရွက်နိုင်မယ့်သူတွေက အကျဉ်းထောင် အောက်မှာ ရှိနေတဲ့ အကျဉ်းဦးစီး ဝန်ထမ်းတွေနဲ့ ထောင်ဆရာဝန် တွေ ဖြစ်ပါတယ်။ အဲတော့ အကျဉ်းထောင်ထဲမှာ လုံလောက်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုကို ပေးမယ်။ အရေးပေါ် ဖြစ်နေတဲ့သူတွေကို ထောင်ပြင်ပဆေးရုံတွေကို အချိန်နဲ့ တပြေးညီ ပို့မယ်။ ရောဂါနည်းနည်း သက် သာလာရင် ထောင်ကို ခေါ်ပြန်တာထက်စာရင် ရောဂါပျောက်ကင်းနိုင်လောက်အောင် လုံးဝကင်းရှင်းသွား အောင်အထိ ကုသခွင့် ရရှိအောင် စီမံပေးတာမျိုးတွေပေါ့နော်။”
ထို့အပြင်ကိုသိုက်ထွန်းဦးက “ပြီးတော့ ထောင်ထဲမှာပဲ အကျဉ်းသား အခွင့်အရေးပေါ့နော်။ ကျနော်တို့ ပိုပြီး တော့မှတော့ မတောင်း ပါဘူး။ အကျဉ်းသား အခွင့်အရေးကို ပြည့်ပြည့် ဝဝ ပေးဖို့ပေါ့နော်” ဟု အကြံပြုထား သည်။
ကိုအောင်ကိုဦးမှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းသည့် အစောပိုင်းကာလများ အတွင်း ဦးဆောင်သပိတ် လှုပ်ရှား ခဲ့သူ တစ်ဦး ဖြစ်ပြီး ယင်းနှစ် မေလ ၁၄ ရက်နေ့၌ ဖောက်ခွဲရေး ပစ္စည်းများနှင့်အတူ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။
ထို့နောက် စစ်ကော်မရှင်က ပုဒ်မ ၅၀၅ – က/ ပေါက်ကွဲ – ၅ တို့ဖြင့် ထောင်ဒဏ် ၈ နှစ် ချမှတ်ခဲ့ပြီးနောက် လျှော့ ရက်များဖြင့် လွတ်ငြိမ်းချမ်းသာခွင့် ရမည့်ဆဲဆဲ အခြေအနေတွင် ထိခိုက်သေဆုံးခဲ့ရခြင်း ဖြစ်သည်။
တနင်္သာရီတိုင်းမှ နိုင်ကျဉ်းများအား ထားရှိသည့် ထားဝယ် အကျဉ်းထောင်တွင် အိုးဘို၊ သာယာဝတီ၊ သရက် စသည့်ထောင်များကဲသို့ အခြေအနေ ဆိုးရွားခြင်း မရှိဘဲ လက်ရှိ၌လည်း ထောင်ဝင်စာခွင့်ပြုသည့် အခြေအနေ ရှိသည်ဟု ထောင်နှင့် နီးစပ်သူများက ပြောသည်။