ပါကစ္စတန်- အမေရိကန် ဆက်ဆံရေး သစ် စလိုက်ပြီ

သတင်းနှင့် မီဒီယာ ကွန်ရက်။ 
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်။ 

တရုတ်နိုင်ငံက ထိန်းချုပ်ထားသည့် မြေရှား သတ္တု ပထမအသုတ်ကို လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း ပါကစ္စတန်က အမေရိကန်သို့ ပေးပို့ခဲ့သည်။ 

ပါကစ္စတန် ကုမ္ပဏီနှင့် အမေရိကန် ကုမ္ပဏီ တို့က မြေရှား သတ္တု အမေရိကန် ဒေါ်လာသန်း ၅၀၀ ဖို့ တင်ပို့ရန်  စက်တင်ဘာလ အတွင်းက သဘောတူညီခဲ့ကြသည်။ 

ယခု ပေးပို့မှုမှာ အဆိုပါ သဘောတူညီချက်၏ ပထမအသုတ်ဖြစ်သည်။ 

ယခု ကိစ္စသည် အမေရိကန်- ပါကစ္စတန် ဆက်ဆံရေးကို ထူးထူးခြားခြား ပြောင်းလဲ လာစေမည့် အလားအလာလည်း ဖြစ်သည်ဟု နှစ်နိုင်ငံ လုံးက ဆိုသည်။ 

ပါကစ္စတန် နိုင်ငံမှ Frontier Works Organization (FWO) နှင့် အမေရိကန် USSM ခေါ် အမေရိကန် ပြည်ထောင်စု မဟာ ဗျူဟာ သတ္တု လုပ်ငန်း တို့ အကြား ယခင်လအတွင်းက ဒေါ်လာ သန်း ၅၀၀ တန်ဖိုးရှိ မြေရှား သတ္တုများ ပါကစ္စတန်မှ  ပေးပို့ရန် နားလည်မှု စာချွန်လွှာကို လက်မှတ်ထိုးခဲ့ခြင်းကို အကောင်အထည်ဖော်ခြင်းလည်း ဖြစ်သည်။ 

ပါကစ္စတန်ဝန်ကြီးချုပ် Shehbaz Sharif ကတော့ လုံခြုံပြီး ကွဲပြားတဲ့ ပစ္စည်းပေးသွင်းမှု လမ်းကြောင်းကို တည်ဆောက်ခြင်း ဖြစ်ပြီး ၂ နိုင်ငံလုံး အတွက် အကျိုး ရှိစေမည်ဟု ပြောသည်။ 

ပထမဆုံးပေးပို့မှုထဲတွင် အင်တီမိုနီ၊ ပြင်းအားမြင့် ကြေး၊ နဲ့ မြေရှား သတ္တုများ ပါဝင်ကြောင်း နှစ်နိုင်ငံလုံး က ထုတ်ပြန်ထားသည်။ 

အမေရိကန် နိုင်ငံသည် ဗျူဟာမြောက် အရေးပါသည့် သတ္တု ပေးသွင်းမှု လမ်းကြောင်းကို အားဖြည့်ရန်နှင့် တရုတ် အပေါ် မှီခိုရမှုကိုလျော့ချရန် ခြေလှမ်းများ ပြင်ဆင်နေခြင်းလည်း ဖြစ်သည်။