ဂျာမဏီက မြေရှားပြန်လည်သန့်စင်ရေး တိုးမြှင့် လုပ်မည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်။ 

တရုတ်နိုင်ငံ၏ မဟာဗျူဟာမြောက် မြေရှားသတ္တု ပိုင်ဆိုင်မှုကို စိန်ခေါ်ရန် ကြိုးပမ်းချက်တစ်ခု ထပ်မံပေါ်ထွက်လာခဲ့သည်။ 

ဂျာမဏီနိုင်ငံ Bitterfeld မြို့သည် ဥရောပအတွက် မြေရှားသတ္တု ပြန်လည် သန့်စင် ထုတ်လုပ်ရေး လုပ်ငန်း လုပ်ဆောင်ရန် တွန်းအားပေးခံရသည့် မြို့ ဖြစ်လာသည်။ 

ယခင်က အရှေ့ဂျာမဏီက မြို့ငယ်လေး ဖြစ်သော Bitterfeld မြို့ သည် ဘာလင်မြို့၏ အနောက်တောင်ဘက် ၈၆ မိုင် အကွာတွင် တည်ရှိသည်။ 

ထိုမြို့လေးတွင် စွန့်ပစ်ပစ္စည်းများမှ မြေရှားသတ္တုကို ပြန်လည် သန့်စင်သည့် လုပ်ငန်းကို ၂၀၂၄ ခုနှစ်တွင် စတင်ခဲ့သည်။ 

မိသားစု လုပ်ငန်း ဖြစ်သော ဂျာမန် နည်းပညာအုပ်စု Heraeus က အဆိုပါ စက်ရုံကို စတင်ခဲ့သည်။ စတင်ဖွင့်လှစ်ချိန်တွင် ဥရောပရှိ အကြီးဆုံး မြေရှား ပြန်လည် သန့်စင်ရေး လုပ်ငန်း ဖြစ်ခဲ့သည်။ 

စက်ရုံက တစ်နှစ်ကို မြေရှား တန် ၆၀၀ ထုတ်လုပ်ရန် မူလက ရည်ရွယ်ထားခဲ့သော်လည်း မကြာမီက တစ်နှစ်ကို တန်ချိန် ၁၂၀၀ ထုတ်လုပ်နိုင်အောင် အစီအစဉ်များ ရေးဆွဲလာကြသည်။ 

ဂျာမဏီနိုင်ငံ၏ ကားလုပ်ငန်း၊ စက်မှုနှင့် စိုက်ပျိုးရေး အင်ဂျင်နီယာလုပ်ငန်း၊ စွမ်းအင်နှင့် ကာကွယ်ရေး ကဏ္ဍ များသည် ပြည်ပမှ တင်ပို့သော မြေရှား သတ္တုကို မှီခိုနေကြရသည်။ 

၂၀၃၀ ခုနှစ်တွင် ဥရောပသည် လိုအပ်သော မြေရှား ကုန်ကြမ်း၏ ၁၀ ရာခိုင်နှုန်းကို တူးဖော်ထုတ်လုပ်ပြီး သန့်စင်မှုကို ၄၀ ရာခိုင်နှုန်း လုပ်ဆောင်ကာ ပြန်လည် သန့်စင် အသုံးပြုမှုကို ၂၅ နှုန်း ရှိအောင် လျာထားချက် ချမှတ်ထားသည်။