ဂျာမနီက ပြင်သစ်နှင့် တိုက်လေယာဉ် ပူးတွဲ ထုတ်လုပ်မှုကို ရပ်ဆိုင်းပြီး အမေရိကန် လေယာဉ်များ ဝယ်ယူမည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်။ 

ဂျာမနီနိုင်ငံသည် ပြင်သစ်နိုင်ငံနှင့် ပူးတွဲလုပ်ဆောင်နေသော တိုက်လေယာဉ်သစ် ထုတ်လုပ်ရေးစီမံကိန်းကို စွန့်လွှတ်ကာ အမေရိကန်နိုင်ငံထုတ် F-35 ကိုယ်ပျောက်တိုက်လေယာဉ်များကို ထပ်မံမှာယူရန် စဉ်းစားနေကြောင်း ရိုက်တာ (Reuters) သတင်းဌာနက ဖော်ပြခဲ့သည်။ 

ဤလုပ်ရပ်သည် ဥရောပ၏ ကိုယ်ပိုင်ကာကွယ်ရေးကဏ္ဍ အားကောင်းစေရန် ရည်ရွယ်သည့် ပြင်သစ်၏ မျှော်မှန်းချက်နှင့် ဆန့်ကျင်ဘက်ဖြစ်နေပြီး ဂျာမနီအနေဖြင့် အမေရိကန်၏ စစ်ဘက်နည်းပညာအပေါ် ပိုမိုမှီခိုလာမည့် အခြေအနေလည်း ဖြစ်သည်။

ဂျာမနီနိုင်ငံသည် ၂၀၂၂ ခုနှစ်အတွင်းက F-35 တိုက်လေယာဉ် အစီးရေ (၃၅) စီး ဝယ်ယူရန် မှာယူထားပြီးဖြစ်သည်။ လက်ရှိတွင် နောက်ထပ် အစီးရေ (၃၅) စီးကျော်ကို ထပ်မံဝယ်ယူရန် ဆွေးနွေးလျက်ရှိရာ လေယာဉ်တစ်စီးလျှင် အမေရိကန်ဒေါ်လာ သန်း ၈၀ ကျော် ကုန်ကျမည် ဖြစ်သည်။ 

ဂျာမနီက မှာယူသည့် အမျိုးအစားမှာ F-35A ဖြစ်ပြီး ပုံမှန်လေတပ်သုံး ပြေးလမ်းများမှ တက်ဆင်းပြုလုပ်နိုင်သည့် အမျိုးအစား ဖြစ်သည်။

ပြင်သစ်နှင့် ဂျာမနီတို့ ၂၀၁၇ ခုနှစ်ကတည်းက စတင်ခဲ့သော ယူရိုဘီလီယံ ၁၀၀ တန် Future Combat Air System (FCAS) စီမံကိန်းသည် စက်မှုလုပ်ငန်းဆိုင်ရာ ပြိုင်ဆိုင်မှုများကြောင့် ရှေ့မတိုးနိုင်ဘဲ ဖြစ်နေသည်။ သတင်းရင်းမြစ်များအရ နှစ်နိုင်ငံစလုံးသည် တိုက်လေယာဉ်ကို အတူတူထုတ်လုပ်မည့် အစီအစဉ်ကို စွန့်လွှတ်ဖွယ်ရှိပြီး ဒရုန်းနှင့် ဒစ်ဂျစ်တယ်ကွန်ရက်ပိုင်းတွင်သာ ဆက်လက်ပူးပေါင်းဆောင်ရွက်တော့မည်ဟု သိရသည်။ 

F-35 များကို ဝယ်ယူခြင်းဖြင့် ဂျာမနီအနေဖြင့် နောင်တွင် မျိုးဆက် (၆) တိုက်လေယာဉ် ထုတ်လုပ်ရန်အတွက် အခြားမဟာမိတ်သစ်များ ရှာဖွေရန် အချိန်ရရှိသွားမည်ဖြစ်သည်။

F-35 တိုက်လေယာဉ်၏ ထူးခြားသည့် စွမ်းဆောင်ရည်များ

F-35 ကို “ပျံသန်းနေသော ကွန်ပျူတာ” ဟု တင်စားကြပြီး ၎င်း၏ အဓိက စွမ်းဆောင်ရည်များမှာ အောက်ပါအတိုင်း ဖြစ်သည် –

  • ကိုယ်ပျောက်စနစ် (Stealth Technology): ရေဒါတွင် မပေါ်အောင် ဖုံးကွယ်နိုင်သဖြင့် ရန်သူ့နယ်မြေအတွင်းသို့ သတိမထားမိအောင် ဝင်ရောက်တိုက်ခိုက်နိုင်သည်။
  • ၃၆၀ ဒီဂရီ အာရုံခံစနစ်: လေယာဉ်တွင် တပ်ဆင်ထားသော Sensor များမှတစ်ဆင့် အချက်အလက်အားလုံးကို ပေါင်းစပ်ကာ လေယာဉ်မောင်းသူ၏ မျက်မှန် (Helmet) ပေါ်တွင် တိုက်ရိုက်ပြသပေးသည်။ လေယာဉ်မောင်းသူသည် လေယာဉ်ကြမ်းပြင်ကို ငုံ့ကြည့်လျှင်ပင် အောက်ဘက်ရှိ မြင်ကွင်းကို ကင်မရာများမှတစ်ဆင့် ဖောက်မြင်နိုင်သည်။
  • ဘက်စုံသုံးနိုင်မှု: တိုက်လေယာဉ်အချင်းချင်း ပစ်ခတ်ခြင်း၊ မြေပြင်ပစ်မှတ်များကို တိုက်ခိုက်ခြင်း၊ ထောက်လှမ်းရေးလုပ်ခြင်းနှင့် အီလက်ထရွန်နစ်စစ်ဆင်ရေး (Electronic Warfare) များတွင် အသုံးပြုနိုင်သည်။
  • နျူကလီးယားစွမ်းဆောင်ရည်: အဆင့်မြင့်ဆုံး B61-12 နျူကလီးယားဗုံးများကို ကိုယ်ပျောက်စနစ်မပျက် သယ်ဆောင်ပစ်ခတ်နိုင်ရန် အသိအမှတ်ပြုလက်မှတ် ရရှိထားသည့် တစ်ခုတည်းသော ကိုယ်ပျောက်လေယာဉ် ဖြစ်သည်။

ဤကဲ့သို့ တိုက်လေယာဉ်များ ဝယ်ယူရန် ပြင်ဆင်နေသော်လည်း ဂျာမနီဝန်ကြီးချုပ် ဖရိုင်းဒရစ် မာဇ် (Friedrich Merz) ကမူ အနာဂတ်စစ်ပွဲများတွင် လူမောင်းသည့် တိုက်လေယာဉ်များ လိုအပ်နေဦးမည်လောဟူ၍ မေးခွန်းထုတ်ခဲ့သည်။ 

၎င်းက နောက်ထပ် အနှစ် ၂၀ ကြာလျှင် နည်းပညာပြောင်းလဲမှုများကြောင့် လူမောင်းတိုက်လေယာဉ်များ၏ အခန်းကဏ္ဍကို Podcast တစ်ခုတွင် သံသယဖြင့် ပြောကြားခဲ့ခြင်း ဖြစ်သည်။