ဂျာမနီနိုင်ငံ မြောက်ပိုင်းတွင် ပစ်ခတ်မှုဖြစ်ပွားကာ ဝန်ထမ်း ၆ ဦး သေဆုံး
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁ ရက်။
ဂျာမနီနိုင်ငံ မြောက်ပိုင်း စတိတ် (Stade) မြို့တွင် ပြီးခဲ့သည့် တနင်္လာနေ့က သေနတ်ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ရာ လူ ၆ ဦး သေဆုံးသွားခဲ့သည်။
ငါး ဦးမှာ အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးခဲ့ခြင်းဖြစ်ပြီး ကျန် ၁ ဦးမှာ ဆေးရုံသို့ ပို့ဆောင်ကုသစဉ် ဒဏ်ရာပြင်းထန်သဖြင့် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။
ယခုဖြစ်ရပ်သည် သေနတ်ကိုင်ဆောင်ခွင့်ဥပဒေ အလွန်တင်းကျပ်သည့် ဂျာမနီနိုင်ငံတွင် ဖြစ်ပွားခဲသော ရာဇဝတ်မှုတစ်ခုဖြစ်သည်။
ပစ်ခတ်မှုသည် မြို့လယ်ခေါင်ရှိ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် ကလေးမိခင်ငယ်များကို ယာယီနေရာချထားပေးသည့် လူငယ်စောင့်ရှောက်ရေးဂေဟာ (Youth Center) အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့၏ ကနဦးစုံစမ်းစစ်ဆေးချက်များအရ ယခုဖြစ်ရပ်သည် ကလေးအုပ်ထိန်းခွင့် အငြင်းပွားမှုကြောင့် ဖြစ်ပွားရသည့် မိသားစုတွင်း ကြေကွဲဖွယ်ရာ ဖြစ်ရပ်တစ်ခုဖြစ်ဖော်ပြထားသည်။
သေဆုံးသူ ၆ ဦးစလုံး (အမျိုးသမီး ၄ ဦးနှင့် အမျိုးသား ၂ ဦး) မှာ အဆိုပါ လူငယ်စောင့်ရှောက်ရေးဂေဟာမှ ဝန်ထမ်းများ ဖြစ်ကြသည်။
သံသယရှိသူအဖြစ် ဖမ်းဆီးရမိထားသူမှာ အသက် ၄၅ နှစ်အရွယ် တူရကီအနွယ်ဝင် ဂျာမနီနိုင်ငံသားတစ်ဦးဖြစ်ပြီး၊ ၎င်းသည် ၃ လအရွယ် ၎င်း၏သမီးငယ်အား အုပ်ထိန်းခွင့်ရရှိရေးအတွက် အငြင်းပွားနေသူ ဖြစ်သည်။
ပစ်ခတ်မှုဖြစ်ပွားချိန်တွင် အဆိုပါ ကလေးငယ်နှင့် အသက် ၃၄ နှစ်အရွယ် မိခင်ဖြစ်သူတို့သည် ရုံးခန်းအတွင်း ရှိနေသော်လည်း တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာရရှိခြင်းမရှိဘဲ ဘေးကင်းခဲ့သည်။
အာဏာပိုင်များသည် သေနတ်သမားအပါအဝင် ထွက်ပြေးရန် ကူညီပေးခဲ့သည့် အမျိုးသမီးတစ်ဦးကိုပါ မော်တော်ယာဉ်နှင့်အတူ ဖမ်းဆီးရမိထားကြောင်း သိရသည်။